အင်္ဂလိပ်တရားဟောဆရာ F. B. Meyer (အက်ဖ်ဘီမေယာ) (၁၈၄၇-၁၉၂၉)သည် “ကိန်းဝပ်တော်မူသောခရစ်တော်ဆိုင်ရာ နက်နဲသောဒဿန”ဟု သူခေါ်ဆိုသည့်အရာကို ပုံဖော်ရန် ကြက်ဥတစ်လုံးကို ဥပမာထား အသုံးပြုခဲ့သည်။ မျိုးဖောက်ထားသော ကြက်ဥအနှစ်သည် ဥခွံထဲတွင် ကြက်ကောင်ပေါက်လေးအဖြစ် မဖြစ်ထွန်းမီတိုင်အောင် တစ်နေ့ပြီးတစ်နေ့ ကြီးထွားလာသော ‘အသက်ပိုး’လေးဖြစ်ကြောင်း သူသတိပြုမိခဲ့သည်။ အလားတူပင် သခင်ယေရှုသည် သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် ကျွန်ုပ်တို့၏အတွင်း၌ ကြွလာအသက်ရှင်ကာ ကျွန်ုပ်တို့ကို ပြောင်းလဲပေးနေသည်။ “ယခုမှစ၍ ခရစ်တော်သည် ရှင်သန်တိုးပွားကာ အရာခပ်သိမ်းကိုလွှမ်းမိုးလျက် သင့်အထဲ၌ ဖြစ်တည်နေလိမ့်မည်”ဟု မေယာက ဆိုသည်။

ယုံကြည်သူတို့အထဲ၌ သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် ခရစ်တော်ကိန်းဝပ်တော်မူခြင်း အံ့သြဖွယ်ဖြစ်ရပ်မှန်ကို သူ၏စကားလုံးများအားဖြင့် အပြည့် အဝပုံဖော်ရန် မဖြစ်နိုင်ကြောင်းကို သိရှိလျက် သခင်ယေရှု၏သမ္မာတရားများကို မပြည့်မစုံ ဖော်ပြခြင်းအတွက် သူက တောင်းပန်ခဲ့သည်။ “ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ သင်တို့သည် ငါ၌ရှိသည်ကိုလည်းကောင်း၊ ငါသည် သင်တို့၌ ရှိသည်ကိုလည်းကောင်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်” (ယော၁၄ :၂၀) ဟု သခင်ယေရှုပြောကြားသည့်အချက်၏ ဆိုလိုရင်းက မည်သို့ပင် မပြည့်မစုံ ဖြစ်ပါစေ၊ အခြားသူများအား ဝေမျှရန် တရားနာပရိသတ်ကို သခင်တိုက်တွန်းခဲ့သည်။ သခင်ယေရှုသည် ထိုစကားများကို နောက်ဆုံးညစာစားပွဲ၌ သူ၏မိတ်ဆွေများအား ပြောကြားခဲ့ခြင်းဖြစ်သည်။ သူ့ကို နာခံသူများထံ သူနှင့်သူ၏ခမည်းတော်ကြွလာကာ အတူနေထိုင်မည်ဖြစ်ကြောင်း သခင်ယေရှုက သူတို့အား သိစေချင်ခဲ့သည် (:၂၃)။ ဤအချက်က ဖြစ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သန့်ရှင်းသောဝိညာဥ်တော်အားဖြင့် သခင်ယေရှုသည် သူ့ကိုယုံကြည်သူများအတွင်း ကိန်းအောင်းလျက် အတွင်းထဲမှ ပြောင်းလဲပေးလျက်ရှိသည်။

သင့်အနေဖြင့် မည်သို့ပင် ပုံဖော်မြင်သည်ဖြစ်စေ ခရစ်တော်သည် ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်အသက်ရှင်လျက် သူ၏သဏ္ဌာန်တော်အတိုင်း ကြီးထွားလာစေရန် ကျွန်ုပ်တို့အား လမ်းပြ ကူညီမစလျက်ရှိပါသည်။