ကယ်ဗင် နှင့် ကင်ဘာလီ တို့အတွက် စိတ်ပျက်စရာ ရက်သတ္တပတ်ဖြစ်သည်။ ကယ်ဗင်၏ အတက်ရောဂါအခြေအနေ ရုတ်တရက်ပိုမိုဆိုးရွားလာခဲ့ပြီး သူ့ကို ဆေးရုံတင်လိုက်ရသည်။ ကပ်ရောဂါဆိုးကြားတွင် ကလေးသူငယ် စောင့်ရှောက်ရေးဂေဟာမှ ခေါ်ယူမွေးစားထားသည့် သူတို့၏သားသမီး မောင်နှမလေးဦးမှာလည်း အိမ်တွင်း၌ ကြာရှည်စွာနေရသောကြောင့် အဆုံးစွန်ငြီးငွေ့နေကြသည်။ ထို့ပြင် ရေခဲသေတ္တာ၌ သင့်တော်သောအစားအသောက်ကို ကင်ဘာလီ မတွေ့ပြန်။ ထူးထူးဆန်းဆန်း ထိုအချိန်၌ သူမသည် မုန်လာဥနီစားချင်စိတ်ပေါ်ခဲ့သည်။

တစ်နာရီခန့်အကြာတွင် သူတို့၏မိတ်ဆွေများဖြစ်သော အမန်ဒါနှင့်အန်ဒီတို့သည် သူတို့မိသားစုအတွက် ပြင်ဆင်လာသည့် စားစရာ တစ်ပြုံတစ်ခေါင်းနှင့်အတူ တံခါးလာခေါက်ပြီးရပ်နေသည်။ စားစရာများတွင် မုန်လာဥနီလည်းပါသည်။

မာရ်နတ်သည် အသေးစိတ်ကြံစည်သည်ဟု လူတို့ပြောတတ်ကြသည်။ မဟုတ်ပါ။ ဂျူးလူမျိုးတို့၏သမိုင်းရှိ အံ့ဖွယ်ဇာတ်လမ်းတစ်ပုဒ်က ဘုရားသခင်သည် အသေးစိတ်ကို ဂရုစိုက်အလေးထားကြောင်းကို ဖော်ပြနေသည်။ “ဣသရေလအမျိုးသားတို့တွင်၊ ဘွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ” (ထွ ၁:၂၂)ဟု ဖာရောဘုရင်က မိန့်ကြားခဲ့သည်။ ထိုလူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်စဥ်သည် အံ့သြဖွယ် အသေးစိတ်ဖြစ်ရပ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ မောရှေ၏ မိခင်သည် သူ့အား နိုင်းမြစ်ထဲသို့ ‘တကယ်ပစ်ချ’ ခဲ့သော်လည်း အကြံအစည်နှင့် ပြုလုပ်ခဲ့သည်။ သူ၏လူမျိုးတော်အား ကယ်တင်ရန် ဘုရားရှင်အသုံးပြုမည့် ကလေးငယ်အား ဖာရောဘုရင်၏သမီးတော်က နိုင်းမြစ်ထဲမှ ကယ်ဆယ်မည်ဖြစ်ပြီး မောရှေကိုထိန်းရန် သူ့မိခင်ကိုပင် အခပေးခေါ်ယူမည်ဖြစ်သည် (၂:၉)။

တစ်ချိန်တွင် ပေါ်ထွန်းစဂျူးနိုင်ငံသစ်မှ ကတိတော်ရှိထားသော သားယောကျ်ားတစ်ဦး ပေါ်ထွန်းလာမည်ဖြစ်ပြီး သူ၏ဇာတ်လမ်းမှာ အံ့သြဖွယ် အသေးစိတ်များနှင့် ဘုရား၏ သန့်ရှင်းသောလှည့်ကွက်များနှင့် အပြည့်ဖြစ်သည်။ အရေးကြီးဆုံးမှာ သခင်ယေရှုသည် ကျွန်ုပ်တို့အား အပြစ်ကျွန်ဘဝမှ လွတ်မြောက်စေတော်မူမည်။ အထူးသဖြင့် အမှောင်မိုက်ဆုံးအချိန်တွင် ဘုရားသခင်သည် အသေးစိတ် ဂရုပြု ကြည့်ရှုတော်မူသည်။ “ဘုရားသခင် ကျွန်မအတွက် မုန်လာဥနီ ယူလာပေးတယ်” ဟု ကင်ဘာလီ ပြောသကဲ့သို့ပင် ဖြစ်လိမ့်မည်။