လန်ဒန်မြို့တောင်ပိုင်းရှိ ခိုက်ရန်ပွားသောအိမ်၌ကြီးပြင်းခဲ့သည့် ကလောက်ဒ် သည် အသက် (၁၅) နှစ်၌ ဆေးခြောက် စတင်ရောင်းချခဲ့ပြီး၊ (၂၅) နှစ်၌ ဘိန်းဖြူ စတင်ရောင်းချခဲ့သည်။ သူ့လုပ်ငန်းအတွက် ဟန်ပြအဖြစ် သူသည် လူငယ်များအတွက် လမ်းပြဆရာဖြစ်ခဲ့သည်။ မကြာမီပင် ယေရှုခရစ်ကိုယုံကြည်သူ သူ့မန်နေဂျာနှင့်ပတ်သက်၍ သူစိတ်ဝင်စားလာပြီး စူးစမ်းသိချင်စိတ်များလာသည်။ ခရစ်ယာန်ယုံကြည်မှုကို လေ့လာသည့်သင်တန်းသို့ တက်ရောက်ခဲ့ပြီးနောက် သူသည် သခင်ယေရှုအား သူ့အသက်တာသို့ဝင်ရောက်ရန် ‘စိန်ခေါ်’ ခဲ့သည်။ “ကျွန်တော်လှိုက်လှိုက်လှဲလှဲ ဝမ်းသာခဲ့ရတယ်။ ကျွန်တော်ချက်ချင်းပြောင်းလဲလာတာကို လူတွေ သတိထားမိကြတယ်။ ကျွန်တော်က ကမ္ဘာမှာ အပျော်ဆုံး မူးယစ်ဆေးရောင်းဝယ်သူ ဖြစ်ခဲ့တာ” ဟု သူက ဆိုသည်။

သခင်ယေရှုက ထိုမျှနှင့်မရပ်တန့်ခဲ့ပါ။ နောက်တစ်နေ့တွင် ကလောက်ဒ်သည် ကိုကင်းတစ်အိတ်ကို အလေးချိန်ချိန်နေစဥ် “ဒါရူးမိုက်မှုပဲ။ ငါလူတွေကို အဆိပ်ခတ်နေတာပါလား” ဟုတွေးမိသည်။ မူးယစ်ဆေးမရောင်းတော့ဘဲ အလုပ်ရှာရတော့မည်ဟု သူသဘောပေါက်သွားခဲ့သည်။ သန့်ရှင်းသောဝိညာဥ်တော်၏ ကူညီမှုဖြင့် သူသည် သူ့ဖုန်းများကို ပိတ်လိုက်ပြီး နောက်ကြောင်းပြန်မလှည့်တော့ပေ။

တမန်တော်ရှင်ပေါလုက ဧဖက်မြို့ရှိအသင်းတော်သို့ စာရေးရာတွင် ဤကဲ့သို့ပြောင်းလဲမှုမျိုးကို ရည်ညွှန်းပြောဆိုနေသည်။ ဘုရားသခင်နှင့် ကင်းကွာ၍မနေရန် လူအများအား တိုက်တွန်းရာတွင် “လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုပ်ပျက်သောလူဟောင်းကို ချွတ်ပယ်၍”၊ “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့် အတူအမျှဖန်ဆင်းသောလူသစ်ကို ယူတင်ဝတ်ဆောင်”ရန် ပြောဆိုခဲ့သည် (ဧ ၄:၂၁-၂၄)။ တမန်တော်ရှင်ပေါလု ရေးသားအသုံးပြုသော ကြိယာပုံစံက ကျွန်မတို့သည် လူသစ်ကို အမြဲတမ်း ပုံမှန် ယူတင်ဝတ်ဆောင်ရမည်ဟု သွယ်ဝိုက်ပြောနေသည်။

သန့်ရှင်းသောဝိညာဥ်တော်သည် ကလောက်ဒ်ကဲ့သို့ပင် ကျွန်မတို့အား အသစ်သောအသက်တာဖြင့် အသက်ရှင်နိုင်ရန်၊ သခင်ယေရှုနှင့်ပိုမိုတူလာစေရန် ကူညီမစပေးပါလိမ့်မည်။