တောလမ်းထဲတွင် ကျွန်တော်ပြေးနေစဉ် ရှေ့၌ ကြက်ဆင်ရိုင်း (၂) ကောင်ရှိနေ သည်။ မည်မျှနီးနီး အနားကပ်နိုင်မည်နည်းဟု ကျွန်တော်တွေးရင်း ပြေးနေရာမှ အရှိန်လျော့ကာ လမ်းလျှောက်လိုက်ပြီး လုံးဝရပ်တန့်လိုက်သည်။ အလုပ်ဖြစ်ပါသည်။ ကြက်ဆင်များက ကျွန်တော့်အနီးသို့ တိုးလာကြသည်။ သို့သော် ခဏချင်းတွင်ပင် ကျွန်တော့် ခါးနှင့်ခါးအနောက်ဘက်ကို ထိုးဆိတ်ကြတော့သည်။ နှုတ်သီးများက ချွန်လှပါပေ့။ ကျွန်တော်ထွက်ပြေးရတော့သည်။ ၎င်းတို့လက်မလျှော့မီအထိ ကျွန်တော့်နောက်သို့ ယက်ကန် ယက်ကန်ဖြင့် လိုက်ကြသေးသည်။
သူတို့က ချက်ချင်းအရေးသာသွားခြင်းပါ။ ကြက်ဆင်များက လက်ဦးမှုရယူသောအခါ မုဆိုးသည် သားကောင်ဖြစ်သွားသည်။ သူတို့သည် ထုံအသောကြောင့် ကျွန်တော်ခြောက်လှန့်လျှင်ပင် ကြောက်သွားမည်ဟု ကျွန်တော်မိုက်မဲစွာ တွေးမိပါသေးသည်။ လက်လွတ်စပယ် အနာတရအဖြစ် မခံနိုင်သောကြောင့် ကြက်ဆင်များလက်မှ ကျွန်တော်ပြေးခဲ့ပါသည်။
ဒါဝိဒ်သည် အန္တရာယ်ရှိပုံမပေါ်သောကြောင့် ဂေါလျက်က သူ့နားလာရန်မထီမဲ့မြင်ပြောပါသည်။ သူက “လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်နှင့် တောသားရဲတို့အား ငါပေးမည်” (၁ ရာ ၁၇:၄၄)ဟု ဆိုသည်။ ဒါဝိဒ်က လက်ဦးမှုယူလိုက်သည်။ ဒါဝိဒ်သည် ဂေါလျက်ထံသို့ ပြေးသွားသည်။ မိုက်မဲ၍ မဟုတ်ဘဲ ဘုရားသခင်၌ ယုံကြည်ကိုးစားသောကြောင့် ဖြစ်သည်။ “ယနေ့ … ဣသရေလအမျိုး၌ ဘုရားသခင်ရှိတော်မူသည်ကို မြေကြီးသားအပေါင်းတို့သည် သိရကြလိမ့်မည်” (:၄၆) ဟု သူဟစ်အော်ခဲ့သည်။ ဂေါလျက်သည် မာန်ပါရဲရင့်သော ချာတိတ်လေးကြောင့် ဇဝေဇဝါဖြစ်သွားပြီး၊ ဘာတွေဖြစ်နေတာလဲဟု သူတွေးခဲ့မိလိမ့်မည်။ ထို့နောက် သူ့နဖူးတည့်တည့်တွင် ကျောက်ခဲမှန်ခဲ့တော့သည်။
တိရိစ္ဆာန်ငယ်များသည် လူများထံမှထွက်ပြေးတတ်ပြီး၊ သိုးထိန်းတို့သည် သားရဲများကို ရှောင်တတ်ကြသည်။ ပြဿနာများမှ ကျွန်ုပ်တို့ ရှောင်ဖယ်ပုန်းလိုကြခြင်းက သဘာဝကျပါသည်။ သဘာဝကို အဘယ်ကြောင့် လက်သင့်ခံရမည်နည်း။ ဣသရေလအမျိုး၌ ဘုရားသခင်ရှိတော်မူသည် မဟုတ်လော။ သို့ဖြစ်လျှင် ထာဝရဘုရား၏တန်ခိုးတော်ဖြင့် တိုက်ပွဲရှိရာသို့ပြေးသွားပါ။