၂၀၂၀ ပြည့်နှစ် မတ်လတွင် အငြိမ်းစားဘဏ္ဍာရေးပညာရှင် ဝှစ်တနီသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော်၏ ဗဟိုပန်းခြံ၌ သူ့ခွေးနှင့်အတူလမ်းလျှောက်နေစဥ် လက်ဝါးကပ်တိုင်ပုံနှင့် သူတစ်ခါမျှမကြားဖူးသော ပရဟိတအဖွဲ့၏နာမည်ပါသော ကုန်တင်ကားများ၊ မိုးကာဖျင်အပုံများ၊ တဲဖြူများကို တွေ့လိုက်သည်။ ထိုအဖွဲ့သည် ကိုဗစ်ရောဂါဖြစ်နေသော နယူးယောက်မြို့သားချင်းတို့ အတွက် လဟာပြင်ဆေးရုံ တည်ဆောက်နေကြောင်း သိလိုက်ရသောအခါ သူကူညီခွင့် တောင်းခဲ့သည်။ ကိုးကွယ်ယုံကြည်မှုနှင့် နိုင်ငံရေးအမြင် ကွဲပြားကြသော်လည်း သူတို့လုပ်နိုင်သမျှကို သူနှင့်သူ့မိသားစုတို့ ရက်သတ္တပတ် အတန်ကြာမျှတိုင် ဝင်ရောက်ကူညီပေးခဲ့ကြသည်။ “ကျွန်တော်ဆုံတွေ့ခဲ့သူတိုင်းက တကယ်ဖော်ရွေ ကောင်းမွန်ကြတဲ့သူတွေချည်းပဲ” ဟု သူက ဆိုသည်။ ထိုသူတို့အား မည်သူမျှ အခကြေးငွေမပေးသော်လည်း သူတို့မြို့တော်၌ လိုအပ်မှုကြီးမားချိန်တွင် ၎င်းတို့ ကူညီကြခြင်းကို သူချီးကျူးပြောဆိုခဲ့သည်။

ကိုဗစ်ကပ်ရောဂါကြောင့် လိုအပ်မှုများအလွန်များပြားလာချိန်၌ သူစိမ်းတို့သည် တာဝန်ထမ်းဆောင်ရင်း မိတ်ဆွေများဖြစ်လာကြပြီး ခရစ်တော်၏နောက်တော်လိုက်တို့မှာ ခရစ်တော်၏အလင်းကို အခြားသူများထံ ဝေမျှခွင့်ရခဲ့ကြသည်။ တောင်ပေါ်ဒေသနာ၌ သခင်ယေရှုက တပည့်တော်များအား “သူတစ်ပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကိုမြင် … စေခြင်းငှာ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့” (မ ၅:၁၆)ဟု မိန့်တော်မူခဲ့သည်။ ချစ်ခြင်း၊ ကြင်နာခြင်း၊ ကောင်းသောစကားနှင့် အပြုအမူများတွင် သန့်ရှင်းသောဝိညာဥ်တော်၏ လမ်းပြမှုကိုခံယူလျှင် ခရစ်တော်၏အလင်းကို ကျွန်မတို့ထွန်းလင်းနိုင်ကြပါသည် (ဂလာ ၅:၂၂-၂၃)။ သခင်ယေရှုထံမှ ရရှိသောအလင်းကို ကျွန်မတို့၏နေ့စဥ်ဘဝများတွင် ထွန်းလင်းပါက ကျွန်မတို့သည် “ကောင်းကင်ဘုံ၌ရှိတော်မူသော … အဘ၏ဂုဏ်တော်ကိုချီးမွမ်း” ရာလည်းရောက်ပါသည် (မ ၅:၁၆)။

သခင့်ကို အလွန်အမင်း လိုအပ်နေသောကမ္ဘာကြီးတွင် သခင်သည် ကျွန်မတို့အား ဆားနှင့်အလင်း ဖြစ်စေသောကြောင့် ယနေ့နှင့်နေ့ရက်တိုင်းတွင် သခင်ယေရှုအတွက် ထွန်းလင်းကြပါစို့။