ပြင်းထန်သော အမေရိကန်နိုင်ငံ၊ မင်နီဆိုတာပြည်နယ်၏ ဆောင်းရာသီကို အံတုလျက် ပုံစံပျက်နေသည့် သံကြွပ်သံကွင်းကို ဘကြီး၏ယာခင်းအိမ်အိုကြီး၏ တံခါးဘောင်တွင် ချိတ်ဆွဲထားသည်။ ပေ (၁၀၀) ကျော်အကွာတွင် နို့ထွက်ပစ္စည်းများ သိမ်းဆည်းထားရာ ဂိုဒေါင်တံခါး၌ အခြားသံကွင်းကြီးတစ်ကွင်းကို မြဲမြံစွာချိတ်ဆွဲထားသည်။ နှင်းမုန်တိုင်းကျရောက်စဉ် ယာခင်းအိမ်နှင့် ဂိုဒေါင်ကို ဆက်သွယ်ထားသည့် လမ်းကြောင်းအား လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ရန် ဘကြီးက ထိုသံကွင်းနှစ်ခုကို ကြိုးတစ်ချောင်းဖြင့် ချိတ်ဆက်ထားသည်။ ထိုကြိုးအား မြဲမြံစွာကိုင်၍ လှမ်းသွားပါက ဘာမှမမြင်ရသည့် နှင်းမှုန်များကြားတွင် လမ်းမပျောက်တော့ပါ။
နှင်းမုန်တိုင်းကြားတွင် ထိုစိတ်ချရသည့်ကြိုးလိုင်းကို ဘကြီးအသုံးပြုခဲ့ခြင်းက ကျွန်ုပ်တို့ကို အပြစ်နှင့်အမှားများမှ ကာကွယ်ပေးပြီး၊ အသက်တာတစ်လျှောက် လမ်းညွှန်ပေးသော ဘုရားသခင်၏ဉာဏ်ပညာတော်ကို ခြေရာခံရန် ဟေဗြဲကဗျာစာသားများကို လုံခြုံရေးလိုင်းအသွင် ဒါဝိဒ်မင်းကြီး အသုံးချသွားသည်ကို ပြန်လည်အမှတ်ရစေသည်။ “ထာဝရဘုရား၏စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။ ရွှေထက်မက များစွာသောရွှေစင်ထက်နှစ်သက်ဖွယ်ဖြစ်၍ ပျားရည်ထက်မက ပျားလပို့ထက်ချိုကြ၏။ တရားတော် အားဖြင့် ကိုယ်တော်၏ကျွန်သည် သတိရ၍ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏” (ဆာ ၁၉:၉-၁၁)။
ကျွန်ုပ်တို့၏စိတ်နှလုံး၌ လှုပ်ရှားလျက်ရှိသော ဘုရားသခင်၏ သန့်ရှင်းသောဝိညာဥ်တော်၏နှိုးဆော်မှုဖြင့် ကြားသိရသော နှုတ်ကပတ်တော်သမ္မာတရားကို ခိုင်မာစွာကိုင်စွဲခြင်းသည် ကျွန်ုပ်တို့လမ်းမပျောက်ရန်၊ ဘုရားသခင်ကိုချီးမြှောက်ပြီး အခြားသူကိုလေးစားသော ဆုံးဖြတ်ချက် ချမှတ်နိုင်ရန် ကူမသည်။ သမ္မာကျမ်းစာမှ ဘုရားရှင်နှင့်ဆန့်ကျင်၍ လမ်းလွဲနေခြင်းကို သတိပေးပြီး လှည့်ပြန်ရန်လမ်းကို ဖော်ပြသည်။ ကယ်တင်ရှင်၏တန်ဖိုးမဖြတ်နိုင်သည့်မေတ္တာနှင့် ကိုယ်တော့်ကို ယုံကြည်သူတို့အား စောင့်ကြိုနေသော ကောင်းချီးမင်္ဂလာများကိုလည်း ဖော်ပြထားသည်။ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏အသက်ကယ်ကြိုးဖြစ်ပြီး ၎င်းကို ကျွန်ုပ်တို့ အစဥ်အမြဲ ကိုင်ဆွဲထားနိုင်ရန် ဘုရားသခင်ကူညီမစပါစေ။