တီဗွီသတင်းကို နေ့စဉ်နာရီပေါင်းများစွာ ကြည့်ရှုသော သက်ကြွယ်တစ်ဦးသည် ကမ္ဘာကြီးအပိုင်းပိုင်းပြိုပျက်ပါက သူလည်း ထိုအထဲတွင် ပါသွားမည်ကိုတွေးပြီး စိတ်သောကရောက်နေ၍ “ကျေးဇူးပြုပြီး တီဗွီကို ပိတ်လိုက်ပါ။ နားမထောင်နဲ့တော့လေ” ဟု အရွယ်ရောက်သူ သမီးက မေတ္တာရပ်ခံသည်။ သို့သော် ထိုလူကြီးသည် လူမှုမီဒီယာများနှင့် အခြားသတင်းဌာနများကို ဆက်လက်ကြည့်မြဲကြည့်လေသည်။
ကျွန်ုပ်တို့ အာရုံစိုက်နားထောင်သည့်အရာသည် လေးနက်အရေးကြီးပါ သည်။ ဤအချက်ကို သခင်ယေရှုနှင့် ပိလတ်မင်းတို့ တွေ့ဆုံသည့်အဖြစ်အပျက်တွင် တွေ့ရသည်။ ဘာသာရေးခေါင်းဆောင်များက သခင်ယေရှုအား ရာဇဝတ်ပြစ်မှုဖြင့် တရားစွဲသဖြင့် ပိလတ်မင်းက ကိုယ်တော်ကို ခေါ်ပြီးလျှင် “သင်သည် ယုဒရှင်ဘုရင် မှန်သလော” (ယော ၁၈:၃၃) ဟုမေးရာ၊ သခင်ယေရှုကလည်း “မင်းကြီးသည် ကိုယ်အလိုအလျောက် ဤသို့မေးသလော။ သို့မဟုတ် သူတစ်ပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလော” (:၃၄)ဟု အံ့ဩဖွယ်ထူးခြားသည့်မေးခွန်းကို ပြန်လည် မေးမြန်းခဲ့သည်။
ထိုကဲ့သို့သောမေးခွန်းက ကျွန်ုပ်တို့ကိုလည်း စစ်ဆေးနေသည်။ ထိတ်လန့်စရာများဖြင့် ပြည့်နှက်နေသည့် လောကကြီးထဲတွင် သခင်ခရစ်တော်၏စကားလား၊ စိတ်ရှုပ်ထွေးစရာသတင်းများလား၊ မည်သည်ကို နားထောင်နေသနည်း။ “ငါ့သိုးတို့သည် ငါစကားကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏” (၁၀:၂၇)ဟု သခင်ယေရှုမိန့်မြွက်သည်။ ထိုဥပမာစကားများဖြင့် (:၆) သံသယရှိနေသော ဘာသာရေးခေါင်းဆောင်များကို သခင်ယေရှုက သူ့ကိုယ်သူဖော်ပြ ရှင်းပြခဲ့သည်။ “(ကောင်းသောသိုးထိန်း၏)သိုးများသည် သူ၏စကားသံကို ကျွမ်းသော ကြောင့် လိုက်တတ်ကြ၏။ မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့် မဆိုင်သောသူနောက်သို့ မလိုက်ဘဲ ပြေးတတ်ကြသည်” ဟုမိန့်တော်မူ၏ (:၄-၅)။
ကောင်းသောသိုးထိန်းကြီးဖြစ်သည့်အတွက် အခြားအရာအားလုံးထက် သူ့စကားသံကိုသာ နားထောင်ရန် ကျွန်ုပ်တို့အား သခင်ယေရှုမိန့်တော်မူသည်။ သခင့်စကားကို ကောင်းစွာနားထောင်ပြီး သူ၏ငြိမ်သက်ခြင်းကို ရရှိကြပါစေ။