၁၉၇၉ ခုနှစ်က ရှေးဟောင်းသုတေသနပညာရှင် Gabriel Barkay (ဂေဘရယ် ဘာကေး)သည် ငွေရောင်စာလိပ်လေးနှစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။ သတ္တုစာလိပ်လေးများကို ပုံမပျက်ဖွင့်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပြီး၊ စာလိပ်တစ်လိပ်စီတွင် “ထာဝရဘုရားသည် သင့်ကို ကောင်းချီးပေး၍ စောင့်မတော်မူပါစေသော။ ထာဝရဘုရားသည် သင်၌ မျက်နှာတော်အလင်းကို လွတ်၍ ကရုဏာကျေးဇူး ပြုတော်မူပါစေသော၊ ထာဝရဘုရားသည် သင့်ကို မျှော်ကြည့်၍ ချမ်းသာပေးတော်မူပါစေသော” ဟူသည့် ဟေဗြဲဘာသာဖြင့် ရေးထားသည့် တောလည်ရာကျမ်း ၆:၂၄-၂၆ ကို တွေ့ရှိခဲ့သည်။ စာလိပ်များသည် ဘီစီ (၇) ရာစုကဟု ကျမ်းပညာရှင်များ သတ်မှတ်ခဲ့ပြီး ၎င်းတို့သည် ကမ္ဘာ့သက်တမ်းအရင့်ဆုံးကျမ်းပိုဒ်လေးများဖြစ်သည်။
နောက်ထပ် စိတ်ဝင်စားစရာကောင်းသည်မှာ ၎င်းတို့ကို တွေ့ရှိခဲ့သည့်နေရာ ဖြစ်သည်။ ဘာကေး တူးဖော်ခဲ့သည့်နေရာမှာ ပရောဖက်ဟေရှာယက ယုဒလူမျိုးများ သူတို့၏သားသမီးများကို ပူဇော်ခဲ့ခြင်းကြောင့် ၎င်းတို့ကို ဘုရားသခင်ပယ်ရှင်းမည်ဟု မိန့်မှာခဲ့သည့် ဟိန္နံုချိုင့်ဝှမ်းရှိ လှိုဏ်ဂူအတွင်းတွင်ဖြစ်သည် (ယေ ၁၉:၄-၆)။ ဟေဗြဲဘာသာအရ ‘ဟိန္နံုချိုင့်ဝှမ်း’ဟု အမည်ရသော ထိုနေရာသည် ဆိုးညစ်မှု၏နေရာဖြစ်သောကြောင့် ထိုချိုင့်ဝှမ်းကို သခင်ယေရှုက ဂရိစကားဖြင့် ‘Gehenna’ (ဂဟဲနာ)ဟု ငရဲကို ပုံဖော်ပြီး သုံးနှုန်းခဲ့သည် (မ ၂၃:၃၃)။
သူ့လူမျိုးများအပေါ် ဘုရားရှင်၏တရားစီရင်မှုအကြောင်း ပရောဖက် ယေရမိမိန့်ကြားခဲ့သည့်နေရာနှင့်အချိန်တွင် တစ်စုံတစ်ယောက်က ဘုရားရှင် ၏ အနာဂတ်ကောင်းချီးများကို ငွေရောင်စာလိပ်ပေါ်တွင် ပုံဖော်ရေးသားခဲ့သည်။ ဤကောင်းချီးသည် သူတို့လက်ထက်တွင် ဖြစ်မည်မဟုတ်။ သို့သော် ဗာဗုလုန်တို့၏ကျူးကျော်မှု လွန်သွားပြီးနောက် ဘုရားသခင်သည် သူ့လူမျိုးထံ မျှော်ကြည့်လျက် ငြိမ်ဝပ်ချမ်းသာကို ပေးလိမ့်မည်။
ကျွန်ုပ်တို့ခံယူရမည့် သင်ခန်းစာက ရှင်းပါသည်။ ကြုံလာမည့်အရာများကို ကျွန်ုပ်တို့ခံသင့်သည့်တိုင် ဘုရားရှင်၏ကတိတော်ကို ကိုင်စွဲထားနိုင်သည်။ ဘုရားသခင်သည် သူ့လူမျိုးများအပေါ် စေတနာစိတ်ပြင်းပြဆဲဖြစ်သည်။