​ကိုရိုနာကပ်ရောဂါကာလအတွင်း သီးခြားနေထိုင်ခြင်းနှင့် အသွားအလာကန့်သတ်ထားချိန်တို့တွင် Martin Luther King Jr. (မာတင်လူသာကင်းဂျူနီယာ)၏ ‘Letter from a Birmingham Jail’ (ဘာမင်ဟန် ထောင်တွင်းမှစာ)တွင် ပါရှိသည့်စကားများ မှန်ကန်ခဲ့သည်။ မတရားမှုနှင့်ပတ်သက်၍ မာတင်က အခြားမြို့တွင် ဖြစ်ပျက်နေသည့်အရာအတွက် ပူပန်မှု မရှိဘဲ မြို့တစ်မြို့၌ ဘာမှမဖြစ်သလို ထိုင်မနေနိုင်ကြောင်း၊ “ရှောင်ဖယ်၍မရသည့် ပတ်သက်ဆက်နွယ်မှု၌ ကျွန်ုပ်တို့ပိတ်မိနေပြီး ကြမ္မာဟူသည့် ဝတ်ရုံလွှာတစ်ခုတည်း၏ တုပ်နှောင်မှုခံနေရသည်။ တစ်ယောက်အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိသည်ဆိုလျှင် ကျွန်တော်တို့ အားလုံးအပေါ်လည်း သွယ်ဝိုက်၍ သက်ရောက်မှုရှိသည်”ဟု သူမှတ်ချက်ချခဲ့သည်။

ထိုနည်း၎င်းပင် ဗိုင်းရပ်စ်ပြန့်ပွားမှုကိုလျှော့ချရန် ကမ္ဘာတစ်ဝန်းနိုင်ငံကြီးများနှင့် မြို့ကြီးများတွင် ဝင်ခွင့်ပိတ်ပင်ခဲ့သဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါက ကျွန်ုပ်တို့၏ဆက်နွယ်မှုကို ပို၍ထင်ရှားစေသည်။ တစ်မြို့ကို ထိခိုက်လျှင် မကြာမီ အခြားမြို့ကိုပါ ထိခိုက်မည်ဖြစ်သည်။

လွန်ခဲ့သည့်ရာစုနှစ်များစွာက ဘုရားသခင်သည် အခြားသူများအပေါ် ကရုဏာပြရန် သူ့လူမျိုးအား မိန့်မှာခဲ့ပြီး၊ ဣသရေလူမျိုးတို့ကို လမ်းပြရန်နှင့် အတူတကွနေထိုင်နိုင်ရေး မောရှေမှတစ်ဆင့် ပညတ်တော်များကို ‌ပေးအပ်ခဲ့သည်။ “ကိုယ်နှင့်စပ်ဆိုင်သောသူကို သေစေခြင်းငှာ မကြံစည်ရ”(ဝတ် ၁၉ :၁၆)၊ “အပြစ်ပြန်၍ မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်ရမည်”အကြောင်း (:၁၈) ကိုယ်တော်မိန့်ဆိုခဲ့သည်။ မိမိအသက်ကို မိမိတန်ဖိုးထားသကဲ့သို့ အခြားသူ၏အသက်ကို တန်ဖိုးမထားပါက လူ့အဖွဲ့ အစည်းများ ပြိုကွဲသွားနိုင်ကြောင်း ဘုရားရှင်သိမြင်ခဲ့သည်။

ကျွန်ုပ်တို့လည်း ဘုရားရှင်၏လမ်းပြမှုမှဉာဏ်ပညာကို ဖက်တွယ်နိုင်ပါသည်။ နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရင်း အခြားသူတို့အား မည်ကဲ့သို့ချစ်ရမည်၊ မည်သို့ကောင်းစွာ အစေခံရမည်ကို ကိုယ်တော်ရှင်ထံမှ မစမှုတောင်းခံလျက် အခြားသူများနှင့် အပြန်အလှန်မည်သို့ ဆက်စပ်နေသည်ကို ကျွန်ုပ်တို့ သတိရကြပါစို့။