၁၈၅၄ ခုနှစ်တွင် လန်ဒန်မြို့၌ တစ်စုံတစ်ခုသောအရာသည် လူထောင်ပေါင်းများစွာကို သေစေခဲ့သည်။ ညစ်ညမ်းသောလေထုဟု လူများက ထင်ကြသည်။ အမှန်ပါ။ ပုံမှန် မဟုတ်သောအပူရှိန်ကြောင့် မိလ္လာစွန့်ရေဆိုးများရှိသည့် River Thames (သိမ်းစ် မြစ်ရေ)မှာ ပုပ်စော်နံပြီး ယင်းအနံ့သည် အလွန်ဆိုးရွားသောကြောင့် ၎င်းကို ‘The Great Stink’ (အနံ့ဆိုးကြီး)ဟု လူသိများခဲ့သည်။

သို့သော် လေထုက အဆိုးဆုံးပြဿနာ မဟုတ်ပါ။ ညစ်ညမ်းသောရေသည် ကာလဝမ်း ကပ်ရောဂါ ဖြစ်ပွားစေသည့် အကြောင်းရင်းဖြစ်ကြောင်းကို Dr. John Snow (ဒေါက်တာဂျွန်စနိုး)၏ သုတေသနပြုချက်က ဖော်ပြထားပါသည်။

ကောင်းကင်ထိ ပုပ်စပ်နံစော်နေသော အခြားပြဿနာတစ်ခုကို ကျွန်ုပ်တို့လူသားများ သတိပြုမိခဲ့သည်မှာ ကြာပါပြီ။ ပျက်စီးနေသောကမ္ဘာတွင် နေထိုင်လျက် ထိုပြဿနာ၏အရင်းအမြစ်ကို အလျင်စလို မှားယွင်းစွာဖော်ထုတ်ပြီး ရောဂါလက္ခဏာအနေနှင့်သာ ကုသကြသည်။ အမြော်အမြင်ရှိသော လူမှုရေးအစီအစဉ် နှင့် မူဝါဒများသည် ကောင်းကျိုးပြုသော်လည်း၊ လူ့အဖွဲ့အစည်းဖျားနာရသည့် အပြစ်ရှိသောနှလုံးသား ဟူသည့် အကြောင်းရင်းကို တားဆီးနိုင်စွမ်းမရှိပေ။

သခင်ယေရှုက “လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက် လူကိုညစ်ညူးစေနိုင်သောအရာ တစ်စုံတစ်ခုမျှမရှိ” ဟုမိန့်တော်မူရာ၌၊ သူသည် ခန္ဓာပိုင်းရောဂါများကို ရည်ညွှန်းခြင်း မဟုတ်ပါ (မာ ၇:၁၅)။ ကျွန်ုပ်တို့အတွင်း၌ ခိုအောင်းနေသော မကောင်းမှုများကိုဖော်ပြလျက် (:၂၁-၂၂) “လူအတွင်းမှ ထွက်သောအရာသည် လူကို ညစ်ညူးစေသောအရာဖြစ်၏” ဟု မိန့်ကြားခဲ့သည် (:၁၅)။

“အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိ၏” (ဆာ ၅၁:၅)ဟု ဒါဝိဒ်ရေးခဲ့သည်။ သူ၏ညည်းတွားမှုသည် ကျွန်ုပ်တို့အားလုံး ညည်းတွားနိုင်သောအရာ ဖြစ် သည်။ ကျွန်ုပ်တို့သည် အစကပင် ကျိုးပဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် ဒါဝိဒ်က “အိုထာဝရဘုရား၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောနှလုံးကို ဖန်ဆင်းတော်မူပါ” (:၁၀) ဟု ဆုတောင်းခဲ့သည်။ ဝိညာဉ်တော်အားဖြင့် သခင်ယေရှုဖန်ဆင်းသော ဤစိတ်နှလုံးအသစ်ကို ကျွန်ုပ်တို့နေ့စဉ်လိုအပ်သည်။ ရောဂါလက္ခဏာများကို ကုသမည့်အစား သခင်ယေရှုအား ရောဂါ၏အရင်းအမြစ်ကို ဆေးကြောသန့်စင်ခွင့် ပြုရမည်ဖြစ်သည်။