ဆယ်စုနှစ်သုံးစုကြာပြီးနောက် Feng Lulu (ဖန်လုလု)သည် မွေးမိဘများနှင့် ပြန်လည် ဆုံစည်းခဲ့သည်။ လမ်းလျှောက်တတ်စအရွယ်တွင် အိမ်အပြင်၌ကစားနေစဥ် ပြန်ပေးဆွဲခံရသော်လည်း ‘All-China’ တရုတ်အမျိုးသမီးများအဖွဲ့ချုပ်၏ ကူညီမှုဖြင့် နောက်ဆုံးတွင် သူမရှိသည့်နေရာကို ခြေရာခံနိုင်ခဲ့သည်။ ပြန်ပေးဆွဲခံရစဉ်က အလွန်ငယ်သောကြောင့် လုလုသည် အဖြစ်မှန်ကို မမှတ်မိပါ။ မိဘများက မကျွေး မွေးနိုင်၍ သူ့ကိုရောင်းစားသည်ဟု ယုံကြည်ပြီး ကြီးပြင်းလာခဲ့ခြင်းကြောင့် အမှန်တရားကိုသိရသောအခါ မေးခွန်းများစွာ၊ ခံစားချက်ပေါင်းများစွာ ခံစားခဲ့ရသည်။
ယောသပ်သည် အစ်ကိုများနှင့်ပြန်လည်ဆုံတွေ့သောအခါ ရှုပ်ထွေးမှုကို ခံစားခဲ့ရဟန်ရှိသည်။ လူငယ်ဘဝတွင် အစ်ကိုများက သူ့ကို အဲဂုတ္တုပြည်သို့ ကျွန်အဖြစ် ရောင်းစားခဲ့သည်။ နာကျင်စရာအလှည့်အပြောင်းများ ဆက်တိုက်ဖြစ်ခဲ့သော်လည်း၊ ဘုရားသခင်သည် ယောသပ်အား အာဏာတန်ခိုးရှိသော ရာထူးသို့ ပို့ဆောင်ခဲ့သည်။ ငတ်မွတ်ခေါင်းပါးသောကာလတွင် အစ်ကိုများ အဲဂုတ္တုပြည်သို့ ရိက္ခာဝယ်ရန် ရောက်လာသောအခါ မရည်ရွယ်ဘဲ သူ့ထံမှ ဝယ်ယူခဲ့ကြရသည်။
သူတို့ပြစ်မှားခဲ့သောအရာမှ ဘုရားသခင်ရွေးနုတ်ကြောင်း ယောသပ်သိရှိခြင်းကြောင့် “ကြီးစွာသောကယ်တင်ခြင်းအားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှာ… သင်တို့ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ” ဟု ပြောခဲ့သည် (က ၄၅:၇)။ သို့တိုင် ယောသပ်သည် သူ့အပေါ် နာကျင်စေခဲ့သောလုပ်ရပ်များကို ကြားကောင်းအောင်မပြောဘဲ၊ “ရောင်းလိုက်”သည်ဟု (:၅) အမှန်အတိုင်းဆိုခဲ့သည်။
တစ်ခါတစ်ရံတွင် မိမိ၏ရုန်းကန်ခံစားရမှုများကို မဝန်ခံ မသိကျိုးကျွံပြုလျက် ဘုရားသခင်ဆောင်ကြဉ်းပေးသည့် ကောင်းသောအရာ၌ အာရုံစိုက်ကာ ခက်ခဲခဲ့သော အခြေအနေများကို ကြိုးစားပြီး ကြားကောင်းအောင် ကျွန်ုပ်တို့ ပြောတတ်ကြသည်။ ဘုရားသခင်ရွေးနုတ် အဖတ်ဆယ်ပေးခြင်း ဖြစ်သောကြောင့် အမှားတစ်ခုကို အကောင်းဟု ပြန်မသတ်မှတ်မိစေရန် သတိထားကြပါစို့။ အမှားများကြောင့် ဖြစ်ပေါ်လာသောနာကျင်မှုကို ခံစားရသည့်တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့သည် အဆိုးထဲမှအကောင်းကို ဆောင်ကြဥ်းပေးရန် ဘုရားသခင်ထံ မျှော်ကြည့်နိုင်သည်။ နှစ်ခုလုံးသည် မှန်ပါသည်။