အမန်းဒါ သည် ဘိုးဘွားရိပ်သာများစွာတွင် အလှည့်ကျဝင်ထွက်ကာ စောင့်ရှောက်မှုပေးသော သူနာပြုတစ်ဦးဖြစ်ပြီး၊ တစ်ခါတစ်ရံ သူမ၏ (၁၁) နှစ်အရွယ်သမီး ရူဘီ ကို အလုပ်သို့ ခေါ်လာလေ့ရှိသည်။ တစ်ခုခုလုပ်ပေးနိုင်ရန်အတွက် ရူဘီက ရိပ်သာရှိ ဘိုးဘွားများကို “အဘိုးတို့မှာ အရာသုံးမျိုး ရရှိနိုင်မယ်ဆိုရင် ဘာလိုချင်လဲ” ဟု မေးသည်။ ထို့နောက် သူတို့၏အဖြေများကို သူမ၏မှတ်စုစာအုပ်၌ ရေးမှတ်ထားပါသည်။ အံ့သြစရာမှာ သူတို့၏ဆန္ဒအများစုမှာ ဝက်အူချောင်း၊ ချောကလက်မုန့်၊ ဒိန်ခဲ၊ ထောပတ်သီး စသည့် အသေးအမွှားလေးများသာဖြစ်သည်။ ထို့ကြောင့် ရူဘီသည် သူတို့၏ရိုးရှင်းသောဆန္ဒများကို ကူညီဖြည့်ဆည်းပေးရန်အတွက် ‘GoFundMe’ ရန်ပုံငွေရှာသည့် ဝဘ်ဆိုဒ်ကို တည်ထောင်ခဲ့သည်။ လက်ဆောင်ပစ္စည်းများ ပေးအပ်သောအခါတွင် ပွေ့ဖက်ပေးသေးသည်။ “အဲဒါက ဘိုးဘိုး ဘွားဘွားတို့ကို အားဖြစ်စေတယ်။ တကယ်ပါ” ဟု သူမက ပြောပါသည်။

ရူဘီကဲ့သို့ ကရုဏာနှင့်ကြင်နာမှုကို ကျွန်ုပ်တို့ပြသသောအခါ ကျေးဇူးပြုတတ်၍ သနားကြင်နာတတ်သည့် ချစ်ခြင်းမေတ္တာနှင့်ကြွယ်ဝသော ဘုရားသခင်ကို ကျွန်ုပ်တို့ထင်ဟပ်ပြသသည် (ဆာ ၁၄၅:၈)။ ထို့ကြောင့် တမန်တော် ရှင်ပေါလုက ကျွန်ုပ်တို့အား ဘုရားရှင်၏လူမျိုးတော်အနေဖြင့် “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်” ကြရန် တိုက်တွန်းခဲ့သည် (ကော ၃:၁၂)။ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကြီးစွာသောကရုဏာ‌တော်ကို ပြခဲ့ခြင်းကြောင့်၊ ကျွန်ုပ်တို့၌ သူ၏ကရုဏာတော်ကို အခြားသူများအား ဝေမျှလိုသော ပင်ကိုယ်သဘာဝ ဆန္ဒရှိကြပြီး ရည်ရွယ်ချက်ရှိရှိ ထိုသို့မျှဝေပါလျှင် ကျွန်ုပ်တို့သည် ၎င်းကို “ယူတင်ဝတ်ဆောင်”နေခြင်း ဖြစ်သည်။

ဆက်လက်၍ ရှင်ပေါလုက “စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင်ကြလော့” (:၁၄)ဟူ၍ ပြောထားပြီး၊ “သခင်ယေရှု၏နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုတို့ကိုပြုမူ”ရန်နှင့် (:၁၇)၊ ကောင်းသောအရာအားလုံးသည် ဘုရားသခင်ထံမှလာကြောင်းကို အောက်မေ့ရန် ကျွန်ုပ်တို့ကို သတိပေးထားသည်။ အခြားသူများကို ကျွန်ုပ်တို့ကြင်နာသောအခါ ကျွန်ုပ်တို့၏စိတ်ဓာတ်လည်း မြှင့်တက်လာပါသည်။