လျှို့ဝှက်ဆန်းကြယ်ဝတ္ထု၏ နောက်ဆုံးအခန်းကို ဦးစွာဖတ်ရှုခြင်းသည် ဇာတ်လမ်းကောင်းတစ်ပုဒ်၏ သည်းထိတ်ရင်ဖိုဖြစ်ခြင်းကို နှစ်သက်သူများအတွက် ဆိုးရွားသောစိတ်ကူးဖြစ်သည်။ သို့သော် အချို့လူတို့သည် စာအုပ်တစ်အုပ်၏ အဆုံးသတ်ကိုသိပါက ထိုစာအုပ်ကိုဖတ်ရသည်ကို ပိုပြီးနှစ်သက်ကြသည်။

စာရေးဆရာ Richard Hays (ရစ်ချက်ဟေးစ်)က ‘Reading Backwards’ (နောက်ပြန်ဖတ်ရှုခြင်း) စာအုပ်တွင် ကျွန်ုပ်တို့ သမ္မာကျမ်းစာကို နားလည်ရေးအတွက် ထိုသို့ဖတ်ရှုခြင်းက မည်မျှအရေးကြီးသော အလေ့အကျင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကျမ်းစာ၌ပါရှိသော အဖြစ်အပျက်များနှင့် ဖွင့်ပြသောစကားလုံးများက ကျမ်းစာ၏ မျှော်မှန်းချက်နှင့် ထင်ဟပ်ချက်တို့ကို အပြန်အလှန် ရှင်းလင်းဖော်ပြပေးကြောင်းကို သရုပ်ဖော်လျက် ပါမောက္ခဟေးစ်က ကျမ်းစာကို ရှေ့ပြန်နောက်ပြန်ဖတ်ရှုသင့်ကြောင်း ကြောင်းကျိုးပြဆင်ခြင်စေသည်။

ဖျက်ဆီးခံခဲ့ရသော ဗိမာန်တော်ကို သုံးရက်အတွင်း ပြန်လည်တည်ဆောက်ရန် သခင်ယေရှု ပြောခဲ့ခြင်းကို သခင်ထမြောက်ပြီးမှသာ တပည့်တော်တို့နားလည်ကြကြောင်း ဟေးစ်က စာဖတ်သူများကို သတိပေးသည်။ “မိမိကိုယ်တည်းဟူသော ဗိမာန်ကိုအမှတ်ပြု၍ မိန့်တော်မူ၏” (ယော ၂:၂၁)ဟု ရှင်ယောဟန် ဆိုသည်။ ယခင်က နားမလည်ခဲ့သော ပဿခါပွဲ၏အဓိပ္ပာယ်ကို နောက်ပိုင်းမှ သူတို့နားလည်ခဲ့သည် (မ ၂၆:၁၇-၂၉)။ လက်ရှိအဖြစ်အပျက်ကို အတိတ်မှအမှုအရာနှင့် ပြန်ချိန်ဆကြည့်မှသာ ဘုရားသခင်၏အိမ်တော်အတွက် ရှေး‌ဘုရင်တစ်ပါး၏ နက်နဲသောခံစားချက်အပေါ် သခင်ယေရှုက မည်ကဲ့သို့ ပြည့်စုံသောအဓိပ္ပာယ်ပေးခဲ့သည်ကို သူတို့ ပြန်လည် သုံးသပ်နိုင်မည် (ဆာ ၆၉:၉၊ ယော ၂:၁၆-၁၇)။ ဘုရားသခင်၏စစ်မှန်သော ဗိမာန်တော်ဖြစ်သည့် သခင်ယေရှုကို ဆင်ခြင်မျက်မှောက်ပြုပြီး ကျမ်းဂန်များကို ပြန်လည်ဖတ်ရှုမှသာ ဣသရေလဘာသာ၏ ထုံးတမ်းစဉ်လာနှင့် မေရှိယတို့ အပြန်အလှန် အဓိပ္ပါယ်ရှင်းလင်းပေးမှုကို တပည့်တော်တို့ ဆက်စပ်နားလည်နိုင်လိမ့်မည်။

ယခုတွင် ဤတူညီသောကျမ်းချက်များကို နောက်ပြန်ရှေ့ပြန်ဖတ်ရှုမှသာ သခင်ယေရှုအားဖြင့် ကျွန်ုပ်တို့လိုအပ်နေသော သို့မဟုတ် တောင့်တနေသောအရာအားလုံးကို တွေ့မြင်နိုင်မည်ဖြစ်သည်။