၂၀၂၁ ခုနှစ် ဇွန်လညနေခင်း၌ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပြီး ရပ်ကွက်တစ်ခုတွင် မိသားစုတစ်စု၏စပါးကျီကြီး ပျက်စီးသွားသည်။ စပါးကျီသည် ၁၈၀၀ ခုနှစ်နှောင်းပိုင်းကတည်းက မိသားစုပိုင်စည်းစိမ်ဖြစ်သောကြောင့် ဝမ်းနည်းဖွယ် ဆုံးရှုံးမှုတစ်ခုဖြစ်သည်။ နောက်တစ်နေ့နံနက်တွင် ဂျွန် နှင့် ဘာဘ် တို့သည် ဘုရားကျောင်းသို့ သွားရန်ကားမောင်းလာရင်း အပျက်အစီးများကိုမြင်ပြီး မည်သို့ကူညီရမည်နည်း ဟု တွေးလျက် ကားရပ်ပြီး စနည်းနာကြည့်ရာ၊ အပျက်အစီးများကို ရှင်းလင်းရန် အကူအညီလိုနေကြောင်း သိရှိခဲ့သည်။ သို့နှင့် ကားကိုပြန်လှည့်ကာ အိမ်ပြန်အဝတ် အစားလဲပြီး မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သော အမှိုက်သရိုက်များကို ကူညီရှင်းလင်းပေးရန်အတွက် တစ်နေ့တာအချိန်ပေးခဲ့ကြသည်။ ထိုမိသားစုကို အကူအညီပေးခြင်းဖြင့် သူတို့၏ယုံကြည်ခြင်းကို သူတို့လက်တွေ့ အကောင်အထည်ဖော်ခဲ့သည်။

“အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏” (ယာ ၂:၂၆) ဟု ရှင်ယာကုပ် ပြောခဲ့သည်။ သူက မည်သည့်နေရာသို့သွားနေမှန်း မသိသော် လည်း နာခံမှုဖြင့် ဘုရားသခင်နောက်သို့လိုက်သူ အာဗြဟံအား ဥပမာပေးလျက် ဖော်ပြသည် (:၂၃၊ ကမ္ဘာဉီးကျမ်း ၁၂:၁–၄၊ ၁၅:၆၊ ဟေဗြဲဩဝါဒစာ ၁၁:၈ ကို ကြည့်ပါ)။ ယေရိခေါမြို့ကို စုံစမ်းရန် ရောက်လာသည့်သူလျှိုများကို ဝှက်ထားစဉ်တွင် ဣသရေလလူမျိုးတို့၏ ဘုရားသခင်ကို ယုံကြည်ကြောင်းပြသခဲ့သူ ရာခပ် အကြောင်းကိုလည်း ဖော်ပြသည် (ယာ ၂:၂၅၊ ယောရှု ၂၊ ၆:၁၇ ကို ကြည့်ပါ)။

“တစ်စုံတစ်ယောက်သောသူက ငါသည် ယုံကြည်ခြင်းရှိ၏ဟုပြောလျက် အကျင့်ကို မကျင့်ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း” (ယာ ၂:၁၄)။ “ယုံကြည်ခြင်းသည် အခြေခံအမြစ်ဖြစ်ပြီး ကောင်းသောအကျင့်များသည် အသီးအပွင့်များဖြစ်သည်။ မိမိ၌ ထိုနှစ်မျိုးလုံးရှိကြောင်းကို ကျွန်ုပ်တို့ မြင်ရမည်ဖြစ်သည်” ဟု Matthew Henry (မက်သယူးဟင်နရီ)က မှတ်ချက်ပေးသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းမှုကုသိုလ်များကို မလိုအပ်သော်လည်း၊ ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို သက်သေပြနေသည်။