ကျွန်မ အင်္ဂလန်သို့ ပြောင်းလာသည့်အခါ အမေရိကန်ဓလေ့ ‘ကျေးဇူးတော်ချီးမွမ်းခြင်း’အားလပ်ရက်သည် နိုဝင်ဘာလ၏ ကြာသပတေးနေ့တစ်နေ့မျှသာ ဖြစ်လာသည်။ စနေတနင်္ဂနွေပိတ်ရက်တွင်မှ စားသောက်ပွဲကိုပြုလုပ်ခဲ့သော်လည်း ထိုနေ့တွင် မိသားစုနှင့်အတူ၊ သူငယ်ချင်းများနှင့်အတူ ရှိချင်ခဲ့သည်။ ကျွန်မဆန္ဒများသည် ကျွန်မအတွက် တစ်မူထူးနေခြင်း မဟုတ်သည်ကို ကျွန်မနားလည်သည်။ ကျွန်မတို့အားလုံးသည် အထူးပွဲတော်များနှင့် အားလပ်ရက်များတွင် မိမိချစ်ခင်ရသူများနှင့် အတူရှိချင်ကြသည်။ စားသောက်ပွဲဆင်နွှဲနေချိန်တွင်ပင် မိမိနှင့်အတူ မပါဝင်နိုင်သူကို လွမ်းဆွတ်တတ်သကဲ့သို့ ပြိုကွဲနေသောမိသားစုများလည်း ငြိမ်းချမ်းပါစေဟု ဆုတောင်းပေးတတ်ကြသည်။

ဤအချိန်အတောအတွင်း၊ ဆုတောင်းခြင်းနှင့် “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏” (သု ၁၃:၁၂) ဟူသည့် ရှောလမုန်မင်းကြီး၏သုတ္တံစကား အပါအဝင် သမ္မာ ကျမ်းစာ၏ဉာဏ်ပညာကို တွေးတောဆင်ခြင်ခြင်းက ကျွန်မအတွက်ခွန်အား ဖြစ်ခဲ့သည်။ ဤသုတ္တံကျမ်းတွင် ရှောလမုန်ဝေမျှသည့် အမြော်အမြင်မှာ “မျှော်လင့်သောအရာဖင့်နွှဲခြင်း”ကြောင့် ဖြစ်နိုင်ခြေသက်ရောက်မှုနှင့် အလွန်တောင့်တသောအရာကို မရဘဲ နှောင့်နှေးခြင်းသည် ဒေါသနှင့်နာကျင်ခြင်းတို့ကို ဖြစ်စေနိုင်ခြင်း ဟူသည့်အနှစ်ချုပ်ကို မှတ်သားရသည်။ သို့သော် လိုအင်ဆန္ဒပြည့်ဝခြင်းသည် အားသစ်လောင်းလျက် လန်းဆန်းမှုကို ခံစားနိုင်စေသည့် အသက်ပင်နှင့်တူသည်။

ကျွန်မတို့၏မျှော်လင့်ချက်နှင့် အချို့သောအလိုဆန္ဒများ ချက်ချင်းပြည့်စုံချင်မှ ပြည့်စုံမည်။ ဆန္ဒအချို့ဆိုလျှင် ကျွန်မတို့သေဆုံးပြီးနောက်မှ ဘုရားသခင်က ဖြည့်ဆည်းပေးချင်ပေးမည်။ ကျွန်မတို့၏ဆန္ဒမည်သို့ပင်ရှိစေကာမူ ဘုရားရှင်သည် ကျွန်မတို့အား စဥ်ဆက်မပြတ် ချစ်ကြောင်းသိမှတ်လျက် ကိုယ်တော်ကို ယုံကြည်စိတ်ချနိုင်ပါသည်။ တစ်နေ့တွင် ကျွန်မတို့သည် ချစ်ရသူများနှင့် ပြန်လည်ဆုံစည်းပြီး ကိုယ်တော်နှင့်ပွဲခံလျက် ကိုယ်တော်အား ကျေးဇူးတင်ချီးမွမ်းကြရပေမည် (ဗျာ ၁၉:၆–၉ ကို ကြည့်ပါ)။