ဆရာဝန်များက (၄) နှစ်သားလေး ဆော်လမွန်တွင် ကြွက်သားများ တဖြည်းဖြည်း ကြုံလှီလာသည့် Duchenne (ဓူးရှန်)ရောဂါကို ရှာဖွေတွေ့ရှိခဲ့သည်။ တစ်နှစ်အကြာ တွင် ဆရာဝန်များက မိသားစုနှင့် ဘီးတပ်ကုလားထိုင်သုံးရမည့်ကိစ္စကို ဆွေးနွေးခဲ့ကြသည်။ သို့သော် ဆော်လမွန်က ၎င်းကို အသုံးမပြုလိုဟု ကန့်ကွက်ခဲ့သည်။ မိသားစုနှင့် သူငယ်ချင်းများက သူ့အတွက် ဆုတောင်းပြီး ဘီးတပ်ကုလားထိုင်မလိုအောင် ကူညီပေးမည့် ကျွမ်းကျင်စွာ လေ့ကျင့်ထားသော ဝန်ဆောင်မှုပေးသည့် ခွေးတစ်ကောင်ရရှိရန် တတ်နိုင်သမျှ ရန်ပုံငွေ ရှာဖွေခဲ့သည်။ ကျွန်မကိုဝန်ဆောင်မှုပေးသည့် ခွေးလေး Callie (ခယ်လီ)ကို လေ့ကျင့်ပေးသော အဖွဲ့အစည်းဖြစ်သည့် ‘Tails for Life’ (အသက်အတွက်အမြီးများ)သည် လက်ရှိတွင် ဆော်လမွန်ကို ကူညီရန်အတွက် ခွေးလေး Waffles (ဝါဖလ်) ကို ပြင်ဆင်လေ့ကျင့်ပေးနေပါသည်။
ဆော်လမွန်သည် ကုသမှုကိုလက်ခံကာ မကြာခဏဆိုသလို ဘုရားသခင်ကိုချီးမွမ်းသီချင်းဆိုသော်လည်း အချို့သောနေ့ရက်များက သူ့အတွက် ပိုခက်ခဲသည်။ ထိုခက်ခဲသောနေ့များတွင် ဆော်လမွန်သည် သူ့အမေကို ပွေ့ဖက်ပြီး “ကောင်းကင် နိုင်ငံမှာ ဓူးရှန်ရောဂါမရှိလို့ သားဝမ်းသာတယ်” ဟုပြောခဲ့သည်။
မကျန်းမာမှု၏ ယိုယွင်းသောသက်ရောက်မှုသည် ထာဝရကာလ၏ ဤတစ်ဘက်ခြမ်းရှိ လူအားလုံးအပေါ်သို့ ကျရောက်သည်။ သို့သော် ဆော်လမွန် ကဲ့သို့ပင် မလွှဲမရှောင်သာသော ခက်ခဲသည့်နေ့ရက်များတွင် မိမိစိတ်ဓာတ်ကို ခိုင်မာစေမည့် တည်မြဲသောမျှော်လင့်ချက် ကျွန်မတို့၌ ရှိသည်။ ဘုရားသခင်သည် ကျွန်မတို့အား “ကောင်းကင်သစ်နှင့် မြေကြီးသစ်”ကို ပေးမည်ဟူသည့် ကတိတော်ရှိထားသည် (ဗျာ ၂၁:၁)။ ကျွန်မတို့၏ဖန်ဆင်းရှင်နှင့် ပံ့ပိုးမစသူသည် ကျွန်မတို့နှင့်အတူတည်ရှိလျက် ကျွန်မတို့တွင် “ကျိန်းဝပ်”မည်ဖြစ်သည် (:၃)။ ကျွန်မတို့၏ “မျက်စိ၌ မျက်ရည်ရှိသမျှ”ကို သုတ်တော်မူမည်။ သေခြင်း၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်း ရှိတော့မည် မဟုတ်ပါ (:၄)။ စောင့်ဆိုင်းခြင်းသည် “ခက်ခဲလွန်းသည်” သို့မဟုတ် “ကြာလွန်းသည်”ဟု ခံစားရသောအခါ၊ ဘုရားရှင်၏ကတိတော် ပြည့်စုံမည်ဖြစ်သောကြောင့် ငြိမ်သက်ခြင်းကို ကျွန်မတို့ ခံစားရနိုင်ပါသည်။