နောက်ထပ်တစ်ပတ် ဆေးကုသမှုခံယူပြီး နောက်ဆက်တွဲပြဿနာများကြောင့် ခြေကုန်လက်ပန်းကျလျက် ဆိုဖာပေါ်သို့ ကျွန်မပစ်လှဲချလိုက်သည်။ မည်သည့်အရာမျှ မစဉ်းစားချင်။ မည်သူတစ်ဦးတစ်ယောက်နှင့်မျှလည်း စကားမပြောလို။ ဆုပင်မတောင်းနိုင်တော့ပါ။ စိတ်ဓာတ်ကျခြင်းနှင့်သံသယစိတ်များက ဖိစီးလျက် ကျွန်မ ရုပ်မြင်သံကြားကို ဖွင့်လိုက်သည်။ ကျွန်မကြည့်မိသည့် ကြော်ငြာတစ်ခုတွင် မိန်းကလေးငယ်တစ်ဦးက သူ့မောင်ငယ်လေးကို “မင်းက ချန်ပီယံ တစ်ယောက်ပါ” ဟုပြောနေသည်။ သူမက ဆက်ပြီး အခိုင်အမာ ထပ်ပြောသောအခါ သူ့မောင်လေးနှင့်အတူ ကျွန်မ၏အပြုံးလည်း နားရွက်တက်ချိတ်လေပြီ။
ဘုရားသခင်၏လူများသည် စိတ်ဓာတ်ကျခြင်း၊ သံသယများနှင့် အစဥ်ရုန်းကန်ခဲ့ရသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏အသံကိုကြားနိုင်သည်ဟု အခိုင်အမာပြောသည့် ဆာလံကျမ်း ၉၅ ကို ကိုးကား၍ ဟေဗြဲဩဝါဒစာရေးသူက သခင်ယေရှုကို ယုံကြည်သူများအား ကန္တာရ၌လှည့်လည်စဉ် ဣသရေလူမျိုးတို့ပြုခဲ့သော အမှားများကို ရှောင်ကြဥ်ရန် (ဟေဗြဲ ၃:၇-၁၁)၊ “ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင့်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှာ သတိပြု(ရန်) … နေ့တိုင်းအစဉ် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြ(ရန်)” (:၁၂-၁၃) သတိပေးရေးသားခဲ့သည်။
ခရစ်တော်၌ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းအသက်သွေးကြော လုံခြုံစိတ်ချမှု ရှိခြင်းကြောင့် ကျွန်ုပ်တို့ခံနိုင်ရည်ရှိရန်အတွက် လိုအပ်သော ယုံကြည်သူအချင်း ချင်း အပြန်အလှန်အားပေးခြင်း (:၁၃)ဟူသည့် စွမ်းအားပြည့်လောင်စာကို ခံစားရနိုင်သည်။ ယုံကြည်သူတစ်ဦးက သံသယစိတ်ဝင်သည့်အခါ အခြားယုံကြည်သူများက စစ်မှန်သောသက်သေများဖြင့် ခံယူချက်များဝေမျှကာ တာဝန်ခံပေးနိုင်သည်။ ဘုရားသခင်က သူ၏လူများဖြစ်သော ကျွန်ုပ်တို့ကို ခွန်အားပေးတော်မူသည့်အတွက် ကျွန်ုပ်တို့သည်လည်း တိုက်တွန်းခွန်အားပေးမှု၏တန်ခိုးကို အချင်းချင်းတို့အား အပြန်အလှန် ပေးစွမ်းနိုင်ပါသည်။