မာရီယာသည် သူမ၏အသင့်စားနေ့လယ်စာကို သယ်ပြီး စားပွဲလွတ်တစ်ခုသို့ သွားလိုက်သည်။ သူမ ဘာဂါကိုကိုက်ရင်း စားပွဲခပ်လှမ်းလှမ်းတွင် ထိုင်နေသော လူငယ်တစ်ယောက်ဆီသို့ သူမ၏မျက်လုံးများ အာရုံစိုက်မိသွားသည်။ သူ့အဝတ် အစားများက ညစ်ပတ်နေပြီး၊ ဆံပင်ဖရိုဖရဲနှင့် စက္ကူခွက် အလွတ်တစ်လုံးကို ဆုပ်ကိုင်ထားသည်။ သူဗိုက်ဆာနေ‌ကြောင်း အတပ်ပြောနိုင်ပါသည်။ သူမ မည်သို့ကူညီနိုင်မည်နည်း။ ငွေသားပေးခြင်းက မသင့်လျော်၊ စားစရာ တစ်နပ်စာဝယ်ပြီး လက်ဆောင်ပေးလျှင် သူရှက်နေမည်လား။

ထိုအခိုက် ရုသ၏ ဇာတ်လမ်းကို မာရီယာ သတိရသွားသည်။ မြေပိုင်ရှင် သူဌေးကြီး ဗောဇသည် ဆင်းရဲနွမ်းပါးသော ရွှေ့ပြောင်းလာသူ မုဆိုးမအား သူ့လယ်ကွက်၌ ကောက်သင်းကောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဗောဇသည် သူ၏လူတို့အား “ထိုမိန်းမသည် ကောက်လှိုင်းစုထဲမှာ ကျန်သောစပါးကို ကောက်သိမ်းပါစေ၊ အရှက်မခွဲကြနှင့်။ ရိတ်ပြီးသောစပါးအချို့ကိုလည်း သူ့အဖို့ချထားလော့။ ကောက်ယူပါစေ။ အပြစ်မတင်ကြနှင့်ဟု မှာထား၏” (ရု ၂:၁၅-၁၆)။ အမျိုးသမီးများ၏ အသက်ရှင်ရပ်တည်နိုင်ရေးသည် အမျိုးသားများနှင့်ပတ်သက်ဆက်နွယ်မှုအပေါ် လုံးလုံးမှီတည်နေသည့် ယဉ်ကျေးမှုတွင် ဗောဇသည် နှစ်သက်ဖွယ် ဘုရားသခင်၏ ပြင်ဆင်ဖြည့်ဆည်းပေးမှုကို လက်တွေ့ပြခဲ့သည်။ နောက်ဆုံးတွင် ဗောဇသည် ရုသနှင့်လက်ထပ်ခဲ့ပြီး သူမ၏အရေးကြီးသောလိုအပ်မှုအတွက် ရွေးနုတ်ခဲ့သည် (၄:၉-၁၀)။

မာရီယာထွက်ခွာသွားသောအခါ သူမစားရသေးသော အားလူးကြော်အထုပ်ကို သူ့အနီးရှိစားပွဲပေါ်တွင် တင်လိုက်ပြီး ထိုသူကို မျက်လုံးချင်းဆုံပြီး စေ့စေ့ကြည့်ခဲ့သည်။ အကယ်၍ သူဗိုက်ဆာလျှင် သူမ၏ “အသင့်စား စားစရာလယ်ကွက်” မှ ကောက်သွားနိုင်သည်။ ထူးခြားဆန်းသစ်သောနည်းလမ်းများဖြင့် ခွန်အားပေးရန် သရုပ်ဖော်ထားသော သမ္မာကျမ်းစာဖြစ်ရပ်များတွင် ဘုရားသခင်၏စိတ်နှလုံးကို ထင်ရှားစွာတွေ့နိုင်ပါသည်။