ဆဋ္ဌမတန်း ဘတ်စကတ်ဘောကစားပွဲသည် ကောင်းမွန်စွာ စတင်နေပြီဖြစ်သည်။ မိဘများနှင့် အဖိုးအဖွားများက ၎င်းတို့၏သားမြေးကစားသမားများကို အားပေးနေကြစဉ် ကစားသမားများ၏ ညီငယ်ညီမငယ်များက ကျောင်းစင်္ကြံတွင် သူတို့ ဘာသာသူတို့ ကစားနေကြသည်။ ရုတ်တရက် ဥသြဆွဲသံများ ထွက်ပေါ်လာပြီး အားကစားခန်းမထဲ မီးများလင်းလက်သွားသည်။ မီးလောင်လျှင် အချက်ပေးသည့်ခလုတ် ပွင့်သွားခြင်းဖြစ်သည်။ ချက်ချင်းပင် ကလေးငယ်များသည် မိဘများကို လိုက်ရှာရင်း အထိတ်တလန့်ဖြင့် အားကစားရုံထဲသို့ ပြေးဝင်လာကြသည်။

မီးအမှန်တကယ်လောင်ခြင်းမဟုတ်ဘဲ၊ အချက်ပေးခလုတ် မတော်တဆ ပွင့်သွားခြင်း ဖြစ်သည်။ သို့သော် ထိုသို့ ကလေးသူငယ်များသည် အကြပ်အတည်းတစ်ခုဟု ခံစားမိလျှင် ရှက်ရွံ့ခြင်းများမရှိဘဲ မိဘများထံသို့ တိုးဝင်ပွေ့ဖက်ရန် ပြေးလာကြသည့် မြင်ကွင်းသည် ကျွန်တော့်စိတ်နှလုံးကို ရိုက်ခတ်ခဲ့သည်။ ၎င်းသည် ကြောက်ရွံ့နေသည့်အချိန်တွင် ဘေးကင်းမှုနှင့် စိတ်ချလုံခြုံမှု ပေးစွမ်းနိုင်သူများအပေါ် ယုံကြည်မှုရှိခြင်းကို ပြသလိုက်သည့် မြင်ကွင်းပင်ဖြစ်သည်။

ဒါဝိဒ် အလွန်ကြောက်ရွံ့ခဲ့ရသည့်အချိန်ကို သမ္မာကျမ်းစာတွင် ဖော်ပြထား သည်။ ရှောလုနှင့် အခြားရန်သူများက သူ့နောက်သို့လိုက်နေခဲ့သည် (၂ ရာ ၂၂:၁)။ ဘုရားသခင်သည် သူ့ကို ဘေးလွတ်ရာသို့ ကယ်တင်ပြီးနောက် ဒါဝိဒ်သည် ဘုရား၏ ကူညီမစမှုကို အကြောင်းပြု၍ ကျေးဇူးတင်ချီးမွမ်းသီချင်းကို သီဆိုခဲ့သည်။ ဒါဝိဒ်က ဘုရားသခင်ကို “ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကို ကယ်လွှတ်သောသခင်”ဟု ခေါ်ဆို ခဲ့သည် (:၂)။ “မရဏာနိုင်ငံ၏ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ကျော့ကွင်း”တို့၌ မိလျက်ရှိသောအခါ (:၆)၊ ဒါဝိဒ်သည် ဘုရားရှင်ထံဟစ်ခေါ်ကာ သူ၏“အော်ဟစ်သော အသံသည် (ဘုရား၏)နားတော်ထဲသို့ ဝင်လေ၏” (:၇)။ အဆုံးတွင်၊ ဒါဝိဒ်ကဘုရားရှင်သည် “ငါ့ကို ကယ်လွှတ်တော်မူ၏” ဟု ကြွေးကြော်ခဲ့သည် (:၁၈၊ ၂၀၊ ၄၉)။

ကြောက်ရွံ့ခြင်းနှင့် မသေချာမရေရာဖြစ်နေချိန်တွင် ကျွန်ုပ်တို့၏ခိုလှုံရာ “ကျောက်”သို့ ပြေးသွားနိုင်သည် (:၃၂)။ နာမတော်ကို ဟစ်ခေါ်သောအခါ ကျွန်ုပ်တို့လိုအပ်သော ခိုလှုံရာနှင့် အကာအကွယ်ကို ဘုရားသခင်တစ်ပါးတည်းသာ ပေးစွမ်းနိုင်သည် (:၂-၃)။