Clark’s Nutcracker (သစ်တောက်ငှက်)သည် အံ့ဩဖွယ်ကောင်းသည့် ငှက်တစ်မျိုးဖြစ်သည်။ ၄င်းသည် တစ်ကြိမ်လျှင် ထင်းရှူးစေ့ ၄-၅ စေ့နှုန်းဖြင့် တစ်နာရီလျှင် ထင်းရှူးစေ့ ၅၀၀ ခန့်ကို ဝှက်သိုခြင်းဖြင့် ဆောင်းရာသီအတွက် နှစ်စဉ် ပြင်ဆင်လေ့ရှိသည်။ ထို့နောက် လများကြာပြီးနောက် ထူထပ်သောနှင်းအောက်၌ ရှိနေစေကာမူ အစေ့များကို ပြန်ဖော်ရန် ပြန်လာသည်။ ထိုငှက်များသည် သူအစေ့များဝှက်ထားသည့် နေရာတစ်သောင်းကျော်ကို မှတ်မိနေခြင်းမှာ အံ့ဩဖွယ်ထူးခြားမှုပင် (အထူးသဖြင့် ကျွန်ုပ်တို့ လူသားတို့ ကားသော့၊ မျက်မှန် စသည်တို့ကို ဘယ်မှာထားမိမှန်း မမှတ်မိသည့်အခက်အခဲကို စဉ်းစားမိချိန်မျိုး ဆိုပါစို့)။
သို့သော် ဤမယုံနိုင်လောက်သည့် မှတ်ဉာဏ်အစွမ်းသည် ကျွန်ုပ်တို့၏ ဆုတောင်းများကို မှတ်မိနေသည့် ဘုရားသခင်၏အစွမ်းနှင့် နှိုင်းယှဉ်သော် မှေးမှိန်သွားပါသည်။ ကိုယ်တော်သည် စိတ်ရင်းဖြင့်တောင်းသော ဆုတောင်းတိုင်းကို သိရှိ၊ သိမြင်နိုင်စွမ်း ရှိသည်၊ မှတ်မိသည်၊ နှစ်များကြာသွားစေကာမူ ၄င်းဆုတောင်းများကို အဖြေပေးပါသည်။ ဗျာဒိတ်ကျမ်း၌ တမန်တော် ရှင်ယောဟန်က “သတ္တဝါလေးပါး” နှင့် “အသက်ကြီးသူ နှစ်ဆယ့်လေးပါး”တို့သည် ကောင်းကင်ဘုံ၌ ဘုရားသခင်ကို ဝတ်ပြုနေကြောင်း ဖော်ပြထားပါသည်။ သူတို့တစ်ဦးစီက “သန့်ရှင်းသူတို့၏ပတ္ထနာတည်းဟူသော မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဖလားတို့ကို” ကိုင်ထားကြသည် (၅:၈)။
ရှေးခေတ်က နံ့သာပေါင်းသည် အဖိုးတန်သကဲ့သို့ ကျွန်ုပ်တို့၏ဆုတောင်းများသည်လည်း ဘုရားသခင်အတွက် အဖိုးတန်ပြီး၊ သူ့မျက်မှောက်တော်၌ အမြဲထားရှိကာ၊ အမြတ်တနိုး တန်ဖိုးထားလျက် ရွှေဖလားထဲ ထည့်ထားသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အရေးပါသည့်အတွက် ကျွန်ုပ်တို့၏ဆုတောင်းများမှာလည်း ကိုယ်တော်အတွက် အရေးပါပါသည်။ ရှင်ယေရှုအားဖြင့် ကျွန်ုပ်တို့နှင့် မထိုက်တန်သည့် သူ၏သနားခြင်းကရုဏာသို့ အတားအဆီးမရှိ၊ လွတ်လပ်စွာ တိုးဝင်ခွင့်ကို ပေးသနားခဲ့သည် (ဟေဗြဲ ၄:၁၄-၁၆)။ ထို့ကြောင့် ရဲဝံ့စွာဆုတောင်းပါ။ ဘုရားသခင်၏ အံ့ဩဖွယ်ချစ်မေတ္တာတော်ကြောင့် စကားတစ်ခွန်းကိုမျှ မေ့သွားခြင်း (သို့) လွဲချော်သွားခြင်း ရှိမည်မဟုတ်ကြောင်း မှတ်ထားလိုက်ပါ။