၁၉၆၈ ခုနှစ် ခရစ်စမတ်အကြိုည၌ ‘အပိုလို-၈’ အာကာသယဉ်မှူးများဖြစ်သည့် Frank Borman (ဖရန့်ဘောမန်း)၊ Jim Lovell (ဂျင်းမ်လာဗလ်)နှင့် Bill Anders (ဘေးလ်အန်ဒါစ်)တို့သည် လပတ်လမ်းသို့ ဝင်ရောက်သွားနိုင်သည့် ပထမဆုံးလူသားများဖြစ်လာသည်။ သူတို့သည် လကို (၁၀) ကြိမ်ပတ်နေစဉ်အတွင်း လနှင့်ကမ္ဘာမြေတို့၏ဓာတ်ပုံများကို တစ်ပါတည်းပေးပို့ခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု၌ ကမ္ဘာဦးကျမ်း ၁ ကို သူတို့အလှည့်ကျ ဖတ်ခဲ့ကြသည်။ နှစ် (၄၀) ပြည့် နှစ်ပတ်လည်ပွဲ၌ ဘောမန်းက “ခရစ်စမတ်နေ့အကြိုညမှာ လူသားအသံကို စောင့်နား‌ထောင်တဲ့သောတရှင် ပရိသတ် အများဆုံးရှိမယ်လို့ ကျွန်ုပ်တို့ကိုကြိုပြောထားတယ်။ နာဆာအဖွဲ့မှရရှိတဲ့ တစ်ခုတည်းသောညွှန်ကြားချက်ကတော့ သင့်တင့်လျောက်ပတ်စွာ ဆောင်ရွက်ဖို့ပဲဖြစ်တယ်”ဟု ပြောပြသည်။ ‘အပိုလို-၈’ အာကာသယဉ်မှူးများ ဖတ်ပြခဲ့သည့်ကျမ်းပိုဒ်များသည် သမိုင်းဝင်ထုတ်လွှင့်မှုကို ကြားရသည့် နားဆင်သူတို့၏ နှလုံးသားထဲသို့ သမ္မာတရားမျိုးစေ့များကို ကြဲဖြန့်စိုက်ပျိုးနေဆဲဖြစ်သည်။

ဘုရားသခင်သည် ပရောဖက်ဟေရှာယအားဖြင့် “နူးညွတ်သောနားနှင့် ငါ့ထံသို့လာကြလော့။ နားထောင်ကြလော့။ သို့ပြုလျှင် သင်တို့၏ဝိညာဉ်သည် အသက်ရှင်ရလိမ့်မည်” (ဟေရှာ ၅၅:၃)ဟု မိန့်ကြားထားသည်။ ကိုယ်တော်၏ အခမဲ့ပေးကမ်းနေသည့်ကယ်တင်ခြင်းကို ဖော်ပြလျက် မိမိ၏အပြစ်မှလှည့်ပြန်လာပြီး သူ၏သနားကရုဏာနှင့် ခွင့်လွှတ်ခြင်းကို လက်ခံရယူရန် ကျွန်ုပ်တို့ကို ကိုယ်တော် ဖိတ်ခေါ်နေပါသည် (:၆-၇)။ ကျွန်ုပ်တို့အမှန်တကယ် နားမလည်နိုင်လောက်အောင် သန့်ရှင်းမြင့်မြတ်သော ဘုရား၏အခွင့်အာဏာ၊ သူ၏အတွေးနှင့်လုပ်ဆောင်ချက်များကို ဘုရားရှင်က ထုတ်ဖော်ပြောကြားထားသည် (:၈-၉)။ သည့်တိုင် ရှင်ယေရှုထံ ပြညွှန် ပေးသော၊ သူ့လူများ၏ဝိညာဉ်ရေးကြီးထွားမှုအတွက် သူတာဝန်ယူကြောင်း အတည်ပြုပေးသော၊ အသက်တာကို ပြောင်းလဲစေနိုင်သည့် နှုတ်ကပတ်တော်အား ဝေမျှရန် အခွင့်အရေးကိုလည်း ကျွန်ုပ်တို့ကို ဘုရားရှင်ပေးထားပါသည် (:၁၀-၁၃)။

ခမည်းတော်ဘုရားသည် သူ၏စုံလင်သည့်အကြံအစည်ကို သူ့နှုန်းအတိုင်း လုပ်ဆောင်ကာ သူ၏ကတိတော်အားလုံးကို ပြည့်စုံစေပြီး၊ သန့်ရှင်းသောဝိညာဉ်တော်က ဧဝံဂေလိတရားဝေမျှရန် ကျွန်ုပ်တို့ကို မစကူညီနေပါသည်။