ပုံပြင်များ၊ မှတ်တမ်းများသည် ကမ္ဘာဦးကတည်းက လူသားတို့၏အာရုံကို ဖမ်းစားနိုင်ခဲ့ကြသည်။ စာအရေးအသားမပေါ်မီကပင် ၎င်းတို့မှတစ်ဆင့် အသိပညာကိုလက်ဆင့်ကမ်းခဲ့ကြသည်။ “ဟိုးရှေးရှေးတုန်းက” ဖြင့် အစချီသောပုံပြင်များကို ကျွန်ုပ်တို့ကြားရသည့်အခါ၊ ဖတ်သည့်အခါ စိတ်ကြည်နူးသွားပြီး ချက်ချင်းစိတ်ဝင်စားသွားကြသည်။ ပုံပြင်ဇာတ်လမ်းများ၏အစွမ်းသည် သာယာပျော်ရွှင်မှုပေးနိုင်ရုံထက်ပိုပါသည်။ ဇာတ်လမ်းတစ်ပုဒ်ကို ကျွန်ုပ်တို့အတူတကွ နားထောင်ကြသည့်အခါ ကျွန်ုပ်တို့၏နှလုံးများသည် တပြိုင်တည်း စည်းချက်ညီညီ ခုန်ကြပါ သည်။ ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ နှလုံးခုန်နှုန်းတို့သည် တစ်ရက်တာအတွင်း အနှေးအမြန် ကွဲပြား၍ အခြားသူတစ်ဦးဦး၏နှလုံးခုန်နှုန်းနှင့် မတော်တဆတူနိုင်သော်လည်း ကျွန်ုပ်တို့သည် ပုံပြင်ဇာတ်လမ်းတစ်ပုဒ်ကို အတူတကွ နားထောင်ကြသည့်အခါ ကျွန်ုပ်တို့၏နှလုံးခုန်နှုန်းများသည် စည်းချက်ညီညီ ခုန်ကြသည်။
ထာဝရဘုရား၏ဇာတ်လမ်းသည် “အစဦး၌” ဟူသောစကားလုံးများဖြင့် အစချီပါသည် (က ၁:၁)။ အာဒံနှင့်ဧဝတို့ကို ပထမဆုံး ဇီဝအသက်မှုတ်သွင်းချိန်မှစ၍ (:၂၇) ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏အသက်တာများ သာမက အထူးသဖြင့် ပို၍အရေးကြီးသည်မှာ သူ၏သားသမီးများအဖြစ် ရွေးချယ်ခံရသော ကျွန်ုပ်တို့၏အသက်တာများကို ပုံသွင်းရန် ပုံပြင်များကို ဖွင့်ပြကာ အသုံးပြုတော်မူသည်။ မှတ်တမ်းတင်ထားသမျှထဲမှ စိတ်ကူးယဉ်မဟုတ်သော အခမ်းနားဆုံး ဇာတ်လမ်းဖြစ်သည့် သမ္မာကျမ်းစာမှတစ်ဆင့် သခင်ယေရှုကိုယုံကြည်သူတို့၏ နှလုံးသားများသည် ဘုရားသခင်၏အကြံအစည် အတွက် သီးသန့်ဖယ်ထားသည့် “ရွေးချယ်တော်မူသောအမျိုး” အဖြစ် (၁ ပေ ၂:၉) တစ်စိတ်တစ်ဝမ်းတည်း ပေါင်းစည်းလေပြီ။
ဘုရားသခင်၏ ဖန်တီးဆန်းသစ်မှုများနှင့်ပြည့်နေသည့် သမ္မာကျမ်းစာအုပ်ကိုဖတ်ပြီး ကျွန်ုပ်တို့၏နှလုံးသားများ စည်းချက်ညီညီ တစ်ပြိုင်တည်းခုန်ကြပါစို့။ “ဘုန်းတော်ကို တစ်ပါးအမျိုးသားတို့၌လည်းကောင်း၊ အံဩဖွယ်သောအမှုတော်တို့ကို ခပ်သိမ်းသောလူမျိုးတို့၌လည်းကောင်း ဖော်ပြ”လျက် (ဆာ ၉၆:၃)၊ သူတို့လည်းပါဝင်လာရန် ဖိတ်ခေါ်လျက် ဘုရားသခင်၏ဇာတ်လမ်းကို အခြားသူတို့အား ဝေမျှ ပြောပြကြပါစို့။