“ငါအကျိုးအမြတ်ရပြီး ငါ့လောဘကို ဖြည့်ဆည်းနိုင်ရင် တော်ပြီ။ ငါ့အိမ်နီးချင်းအကြောင်း ငါဘာမှဂရုမစိုက်’ ဟူသည့် ဆိုရိုးမှာ ကုန်သည်များ တူညီစွာခံယူထားသော ၎င်းတို့၏စည်းမျဥ်းစံဖြစ်သည်”ဟု Martin Luther (မာတင်လူသာ)က ၁၅၂၄ ခုနှစ်တွင် ဆိုခဲ့သည်။ အနှစ် (၂၀၀) ကျော်ကြာပြီးသောအခါ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ မောင့်ဟော်လီမြို့မှ John Woolman (ဂျွန်ဝူး(လ)မန်း)သည် သူ၏အပ်ချုပ်ဆိုင်လုပ်ငန်းကို သခင်ယေရှုထံ ဆက်ကပ်အပ်နှံလျက် လုပ်ဆောင်ခဲ့သည်။ ကျွန်လွတ်မြောက်ရေးကို ထောက်ခံသောအားဖြင့် သူသည် ကျွန်လုပ်အား ကိုအသုံးပြုသော ကုမ္ပဏီများထံမှ မည်သည့်ဝါဂွမ်းနှင့်ဆေးဆိုးပစ္စည်းများကိုမျှ မဝယ်ယူခဲ့ပေ။ သူသည် လိပ်ပြာလုံသောစိတ်ဖြင့် သူနှင့်သက်ဆိုင်သူများကိုချစ်ပြီး၊ ‌လုပ်ဆောင်ပြုမူလေသမျှတွင် ဂုဏ်သိက္ခာ၊ သမာဓိ ရိုးသားမှုတို့နှင့် လုပ်ကိုင်ခဲ့သည်။

တမန်တော်ရှင်ပေါလုသည် “စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာ” အသက်ရှင်ရန် အားထုတ်ခဲ့သည် (၂ ကော ၁:၁၂ – ခေတ်သုံး)။ သခင်ယေရှု၏တမန်တော်အဖြစ် ရှင်ပေါလု၏ အခွင့်အာဏာအပေါ် ကောရိန္သုမြို့သားများက ‌လျော့တွက်ကြသောအခါ တမန်တော်ရှင်ပေါလုက သူ၏လုပ်ရပ်များနှင့်စပ်လျဥ်း၍ ‌ေချေပခုခံလျက် သူ့စကားနှင့်အပြုအမူတို့သည် အစစ်ခံနိုင်ကြောင်းဆိုခဲ့သည် (:၁၃-၁၄)။ သူသည် သူ့ကိုယ်သူအမှီမပြုဘဲ ဘုရားသခင်၏တန်ခိုးတော်နှင့်ကျေးဇူးတော်ကို အမှီပြုကြောင်းကိုလည်း ပြသခဲ့သည် (:၁၂)။ အချုပ်အားဖြင့်ပြောရလျှင် တမန်တော်ပေါလု လုပ်ကိုင်ဆောင်ရွက်လေသမျှ၌ သခင်ယေရှုကိုယုံကြည်ခြင်းစိတ်က စိမ့်ဝင်ပျံ့နှံ့နေသည်။

သခင်ယေရှု၏သံတမန်များအဖြစ် အသက်ရှင်ကြရာတွင် ကျွန်တော်တို့ဆောင်ရွက်သမျှ (မိသားစုအရေး၊ စီးပွားရေးနှင့် အခြားအရာများတို့)၌ ဝမ်းမြောက်ဖွယ်သတင်းကောင်း ထင်ဟပ်နေစေရန် ဂရုပြုကြပါစို့။ ဘုရားရှင်၏ တန်ခိုးတော်နှင့်ကျေးဇူးတော်ကို အမှီပြု၍ အခြားသူများအား ကိုယ်တော်၏ချစ်ခြင်းမေတ္တာကို ပြသောအခါ ကျွန်တော်တို့သည် အဘဘုရားအား ဂုဏ်ပြုခြင်းဖြစ်၍ မိမိနှင့်သက်ဆိုင်သူများကို ချစ်ခြင်းလည်းဖြစ်ပါတော့သည်။