အမျိုးသမီးငယ်လေးသည် အိပ်မပျော်နိုင်ပါ။ မသန်စွမ်းဖြစ်သော သူမသည် မနက်ဖြန် ဘုရားကျောင်းဈေးရောင်းပွဲတွင် အဆင့်မြင့်ပညာရေးသင်ယူနိုင်ရေးအလှူငွေရံပုံငွေရှာရမည်ဖြစ်၍ အများ၏အာရုံစိုက်မှုခံရဦးမည် ဖြစ်သည်။ “ငါနဲ့မှမထိုက်တန်တာ” ဟု Charlotte Elliott (ရှားလတ်အဲလိယက်) ဆင်ခြင်ပေးနေမိသည်။ သူမသည် လူးလိမ့်ရင်း သူမ၏သင့်လျော်သောအရည်အချင်းကို သံသယဖြစ်မိကာ သူမ၏ဝိညာဉ်ရေးအသက်တာအား ရှုထောင့်စုံမှမေးခွန်းထုတ်နေသည်။ နောက်တစ်နေ့ကူးသည်အထိ သူမသည် ဂနာမငြိမ်ဖြစ်လျက် စားပွဲသို့သွားပြီး ဖောင်တိန်နှင့်စာရွက်ကိုယူကာ ယခုအချိန်တွင် ဂန္တဝင်ဓမ္မသီချင်းဖြစ်လာသည့် “ရှိသည်အတိုင်း” ဟုအစချီသည့်စာသားများကို ရေးချလိုက်သည်။

“ရှိသည်အတိုင်း ကုသိုလ်မရှိ၊ ပြစ်မှားသူဖို့ သွေးတော်သွန်းပြီ။ ကျွန်ုပ်ကိုလည်း ခေါ်တော်မူ၏။ ချဥ်းကပ်ပါ၏ သိုးငယ်ဘုရား။”

၁၈၃၅ ခုနှစ်က ရေးသားခဲ့သည့် သူမ၏စာသားများသည် သခင်ယေရှုက အမှုတော်ထမ်းရွက်ရန် သူ၏တပည့်တော်များအား မည်ကဲ့သို့ ခေါ်ယူခဲ့ကြောင်း ပြသနေသည်။ သူတို့အဆင်သင့်ဖြစ်နေသောကြောင့် မဟုတ်ပါ။ သူတို့ အဆင်သင့် ဖြစ်မနေပါ။ သို့သော် သူတို့၏အရှိကို အရှိအတိုင်း သခင်ယေရှုက သူတို့ကို ခန့်အပ်သောကြောင့်ဖြစ်သည်။ သခင်ယေရှု၏တပည့်တော် (၁၂) ဦးအဖွဲ့တွင် အခွန်ခံတစ်ဦး၊ အမျိုးသားရေးစိတ်အားကြီးသူတစ်ဦး၊ ရည်မှန်းချက်ကြီးလှသောညီအကိုနှစ်ဦး (မာ ၁၀:၃၅-၃၇) နှင့် “ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်” (မ ၁၀:၄) တို့ပါဝင်သည်။ သို့သော်လည်း သခင်ယေရှုသည် သူတို့ကိုနာသောသူတို့အား ချမ်းသာပေးကြရန်၊ သေသောသူတို့ကို ထမြောက်စေရန်၊ နူသောသူတို့ကို သန့်ရှင်းစေရန်၊ နတ်ဆိုးတို့ကိုလည်းနှင်ထုတ်ကြရန် အခွင့်ပေးတော်မူသည် (:၈)။ ရွှေ၊ ငွေ၊ ကြေး၊ လွယ်အိတ်၊ အင်္ကျီ (၂) ထည်နှင့် ခြေနင်း၊ တောင်ဝှေးပင်မပါဘဲ အစေခံအမှုဆောင်ရမည်ဖြစ်သည် (:၉-၁၀)။

“သင်တို့ကို ငါစေလွှတ်၏” (:၁၆)ဟု သခင်ယေရှုဆိုခဲ့ပြီး သခင်ကိုယ်တိုင်သည် ကျွန်ုပ်တို့အတွက် လုံလောက်ပါသည်။ သခင့်အား နာခံသူတိုင်းအတွက် သခင်သည် လုံလောက်မြဲဖြစ်သည်။