ကျွန်တော်ငိုက်လာသောကြောင့် မှေးကနဲအိပ်ပျော်သွားသည်။ မြေအောက်ခန်းမှနေ၍ ကျွန်တော့်သားသည် သူ၏လျှပ်စစ်ဂီတာကို စတင်တီးခတ်သည်။ နံရံများတုန်ခါနေသည်။ ငြိမ်သက်တိတ်ဆိတ်မှုမရှိ။ အိပ်မပျော်နိုင်ပါ။ ခဏအကြာတွင် အခြားဂီတသံတစ်ခုကို ကြားလိုက်ရသည်။ ကျွန်တော့်သမီးက “အံ့ဩဖွယ် ကျေးဇူးတော်” သီချင်းအား စန္ဒရားနှင့်တီးခတ်နေသည်။
ပုံမှန်အားဖြင့် ကျွန်တော့သားဂစ်တာတီးခြင်းကို ကျွန်တော်သဘောကျသည်။ သို့သော် ထိုအခိုက်အတန့်တွင် ၎င်းအသံသည် ကျွန်တော့်နား၌ ကန့်လန့်ဖြစ်၍ နေမထိထိုင်မသာဖြစ်ခဲ့ရသည်။ တစ်ပြိုင်တည်းတွင် ရင်းနှီးနေကျ John Newton (ဂျွန်နျူတန်)၏ ဓမ္မသီချင်းတီးလုံးများက ပရမ်းပတာအခြေအနေတွင် ကျေးဇူးတော်သည် တောက်ပနေကြောင်းကို ကျွန်တော့်အား သတိပေးခဲ့သည်။ နိဒါန်းမချီဘဲ ဝင်ရောက်လာသော ဘဝမုန်တိုင်းများက မည်မျှပင် ကျယ်လောင်ကာ မလိုလားစရာကောင်းနေစေကာမူ ဘုရားသခင်၏တီးလုံးများသည် ရှင်းလင်းစွာ၊ မှန်ကန်စွာ မြည်နေ၍ ကျွန်တော်တို့အပေါ် ဘုရားသခင် ကြည့်ရှုစောင့်ရှောက်နေကြောင်းကို သတိပေးနေပါသည်။
ဤအဖြစ်မျိုးကို သမ္မာကျမ်းစာထဲတွင် တွေ့နိုင်ပါသည်။ ဆာလံကျမ်း ၁၀၇: ၂၃-၃၂ တွင် သင်္ဘောသားများသည် သူတို့ကို အလွယ်တကူဝါးမျိုသွားနိုင်သည့် ဝဲကြီးနှင့် ကျားကုတ်ကျားခဲ ရင်ဆိုင်ကြရသည်။ “တွေ့သောဘေးကြောင့်၊ သူတို့ သည် စိတ်ပျက်ကြ၏” (:၂၆)။ သို့တိုင်အောင် သူတို့သည်အားမလျှော့ဘဲ “ဆင်းရဲခံရသောအခါ ထာဝရဘုရားကိုအော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော်မူ၏” (:၂၈)။ နောက်ဆုံးတွင် “ထိုသို့ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာသင်္ဘောဆိပ်သို့ ပို့ဆောင်တော်မူ၏” (:၃၀)ဟု ဖော်ပြထားသည်။
အသက်ကိုခြိမ်းခြောက်သော (သို့) အိပ်ခြင်းကို ခြိမ်းခြောက်သော ပရမ်းပတာအခိုက်အတန့်များတွင် ဆူညံသံများနှင့် အကြောက်တရားများက ကျွန်တော်တို့၏ စိတ်ဝိညာဉ်ကို စုပြုံ၍နှောင့်ယှက်နိုင်ပါသည်။ သို့သော် ဘုရားသခင်ကို ယုံကြည်ပြီး သူ့ထံဆုတောင်းသောအခါ အဘဘုရား၏ မြဲမြံသောချစ်ခြင်းမေတ္တာဆိပ်ကမ်း ဖြစ်သည့် ကိုယ်တော်၏မျက်မှောက်တော်နှင့် မစဖြည့်ဆည်းပံ့ပိုးပေးခြင်းတို့ကို ကျွန်တော်တို့ ခံစားကြရမည်ဖြစ်သည်။