Man Kaur (မန်ခူဝါ) ဟုခေါ်သော အမျိုးသမီးသည် အသက် (၁၀၃) နှစ်အရွယ်တွင် ၂၀၁၉ ခုနှစ်၊ ပိုလန်နိုင်ငံ ကမ္ဘာ့အထက်တန်းအဆင့် အားကစားပြိုင်ပွဲ၌ အိန္ဒိယနိုင်ငံမှအသက်အကြီးဆုံး အမျိုးသမီးအားကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင် ခဲ့သည်။ အံ့ဩဖွယ်ရာပင် မန်ခူဝါသည် ပြိုင်ပွဲ (၄) ခု (လှံပစ်၊ သံလုံးပစ်၊ မီတာ-၆၀နှင့် မီတာ-၂၀၀ အပြေးပြိုင်ပွဲ)တွင် ရွှေတံဆိပ်ဆုများရရှိခဲ့သည်။ သို့သော် အံ့ဩဖွယ်အကောင်းဆုံးမှာ သူမသည် ၂၀၁၇ ခုနှစ်ပြိုင်ပွဲကထက် ပိုမြန်အောင်ပြေးခဲ့ခြင်းဖြစ်သည်။ မြစ်ချီနေရပြီဖြစ်ပြီး အသက် (၁၀၀) ကျော်အောင်နေရပြီဖြစ်သော သူမသည် ဘဝပြေးပွဲတွင် မည်သို့အောင်မြင်စွာ ပန်းဝင်ရမည်ကို ပြသခဲ့သည်။

တမန်တော်ရှင်ပေါလုက သူသည် သူ့ဘဝနိဂုံးသို့ ချဉ်းကပ်လာကြောင်း “စုတေသောအချိန် ရောက်လေပြီ” (၂ တိ ၄:၆) ဟု တပည့်တော်ငယ် တိမောသေထံသို့ စာရေးသားခဲ့သည်။ သူ့ဘဝကို ပြန်လည်ဆင်ခြင်၍ သူသည် ဘဝကို အောင်မြင်စွာပန်းဝင်ခဲ့သည်ဟု စိတ်ချယုံကြည်လျက် “ကောင်းစွာသောတိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ငါပြေးပြီ” ဟု သူဆိုခဲ့သည် (:၇)။အထင်ကြီးစရာ သူ၏အောင်မြင်မှုများနှင့် အခြားသူတို့အပေါ် ကြီးမားစွာလွှမ်းမိုးနိုင်မှုတို့ကို တွက်ချက်ပြီး ယုံကြည်မှုရှိခြင်း မဟုတ်ဘဲ၊ သူသည် “ယုံကြည်ခြင်းတရားကိုစောင့်ရှောက်”ခြင်း ကြောင့်သာဖြစ်‌ကြောင်း (:၇) သူသိသည်။ သခင်ယေရှုအပေါ် တမန်တော်ကြီး သစ္စာမြဲတည်ခဲ့သည်။ ဝမ်းနည်းမှုနှင့်ပျော်ရွှင်မှုများကြား သူ့ကို ပျက်စီးခြင်းမှကယ်တင်ခဲ့သည့် သခင်နောက်သို့ သူလိုက်ခဲ့သည်။ သစ္စာမြဲမြံသော သူ့ဘဝ၏ပျော်စရာအဆုံးသတ်တွင် သခင်ယေရှုသည် “ဓမ္မသရဖူ”ဖြင့် သူ့ကို အသင့်စောင့်ကြိုနေမည်ကို သူသိသည် (:၈)။

ရှင်ပေါလုက ဤသရဖူသည် သီးသန့်လူနည်းစုအတွက် မဟုတ်ဘဲ ခရစ်တော်၏ “ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့” အတွက် ဖြစ်သည်ဟု ဆိုသည် (:၈)။ နှစ်သစ်တွင်းသို့ ကျွန်ုပ်တို့ဝင်ရောက်ကြသည့်အခါ သခင်ယေရှုသည် သူ့ကိုချစ်သောသူအပေါင်းတို့အား သရဖူအပ်နှင်းရန် စိတ်ထက်သန်စွာ စောင့်ဆိုင်းနေကြောင်းကို သတိရပြီး ဘဝပြေးပွဲကို အောင်မြင်စွာ ပန်းဝင်ကြပါစို့။