ကိသ်သည် စူပါမားကက်၏သစ်သီးနှင့်ဟင်းသီးဟင်းရွက်တန်းသို့ စိတ်ဓာတ်ကျလျက် စိတ်လက်မပါဘဲ တစ်လှမ်းချင်း လှမ်းသွားနေသည်။ ပါကင်ဆန် စိတ်ရောဂါ (Parkinson’s disease)၏ ပထမဆုံးလက္ခဏာဖြစ်သည့် လက်တုန်ခြင်းကို သူခံစားနေရသည်။ “မည်မျှအကြာတွင် သူ၏ဘဝအရည်အသွေးအဆင့် လျှောနိမ့်သွားမည်နည်း။” “သူ့ဇနီးနှင့်သူ့ကလေးများသိလျှင် မည်သို့ခံစားရမည်နည်း။” ရယ်မောသံတစ်ခုက ကိသ်ကို ပို၍စိတ်ဓာတ်ကျစေသည်။ အာလူးတန်းအနီးတွင် ဖခင်တစ်ဦးက ဘီးတပ်ကုလားထိုင်ပေါ်မှ တခစ်ခစ်ရယ်နေသည့် သားငယ်ကို တွန်းလာကာ ကိုယ်ကိုကိုင်းညွတ်ပြီး ပြုံးပျော်နေသောသားကို တီးတိုးစကားပြောနေသည်။ သားလေးသည် ကိသ်ထက် သိသိသာသာ ပိုဆိုးသောအခြေအနေရှိသော်လည်း သူတို့သားအဖသည် ကြံဖန်လျက် ဝမ်းမြောက်ပျော်ရွှင်နေကြသည်။
သူ့အပေါ် ချမှတ်မည့်တရားစီရင်ချက်ကို စောင့်ဆိုင်းရင်း ထောင်တွင်းမှ (သို့) အကျယ်ချုပ်အကျဥ်းကျခံရစဥ် စာရေးသားပေးပို့ရာ၌ ရှင်ပေါလုအတွက် ဝမ်းမြောက် စရာအကြောင်းမရှိဟု ထင်ရသည် (ဖိ ၁:၁၂-၁၃)။ ဧကရာဇ်မင်းနီရိုသည် အလွန်ကောက်ကျစ်ပြီး ရက်စက်သောဂုဏ်သတင်းဆိုးဖြင့် နာမည်ကျော်နေသောကြောင့် ရှင်ပေါလုအနေဖြင့် စိုးရိမ်စရာဖြစ်သည်။ သူ့နောက်ကွယ်တွင် အခွင့်ကောင်းယူပြီး သူတို့၏ဂုဏ်သတင်းကျော်ကြားရန် ဟောပြောနေသူများရှိကြောင်းကိုလည်း ရှင်ပေါလုသိသည်။ သူတို့သည် တမန်တော်ကြီး အချုပ်ခံရခြင်းအပေါ် အမှုပိုကြီးအောင် ‘ပြဿနာကြီးလာအောင် မီးမွှေးနေသူများ’ပင် ဖြစ်သည် (:၁၇)။
သို့သော် ရှင်ပေါလုသည် ဝမ်းမြောက်ရန်ရွေးချယ်ပြီး (:၁၈-၂၁) သူ၏ ပုံသက်သေအတိုင်း လိုက်လျှောက်ရန် “သခင်ဘုရား၌ အစဉ်မပြတ်ဝမ်းမြောက်ခြင်း ရှိကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့”(၄:၄)ဟု ဖိလိပ္ပိမြို့သားများအား တိုက်တွန်းနှိုးဆော်ခဲ့သည်။ မိမိ၏အခြေအနေက စိတ်ပျက်ဖွယ်ဖြစ်နေလည်း သခင်ယေရှုသည် ကျွန်ုပ်တို့နှင့်အတူရှိနေပြီး ကျွန်ုပ်တို့အတွက် တောက်ပသောအနာဂတ်ကို အာမခံသည်။ သင်္ချိုင်းဂူမှထမြောက်သော သခင်ခရစ်တော်သည် တစ်ဖန် ပြန်ကြွလာကာ သူ၏နောက်တော်လိုက်များ သူနှင့်အတူရှိစေရေး ထမြောက်စေမည်ဖြစ်သည်။ ဤနှစ်သစ်ကို အစပြုသည်တွင် ကျွန်ုပ်တို့ ဝမ်းမြောက်ရွှင်လန်းကြပါစို့။