သြစတြေးလျနိုင်ငံရှိ တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းများက (၇၅) ပေါင်ကျော်ခန့် အလေးချိန်ရှိသည့် ညစ်ပတ်ပေရေပြီး ကျပ်ခဲပြင်အမွှေးများနှင့် လှည့်လည်သွားနေသည့် သိုးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ ထိုသိုးသည် ချုံပုတ်ကြားတွင် ပျောက်ဆုံးကျန်ရစ်ခဲ့သည်မှာ အနည်းဆုံး (၅) နှစ်ခန့်ရှိမည်ဟု ကယ်ဆယ်သူများက သံသယဝင်နေကြသည်။ သက်သောင့်သက်သာမဖြစ်သည့် အမွှေးထူများ ညှပ်ရိတ်ချိန်တွင် ကယ်ဆယ်သူများက သိုးကို ချော့မော့ပေးခဲ့ရသည်။ အမွှေးများ ဖယ်ရှားပြီးပြီးချင်းပင် ထိုသိုးသည် အစာစားတော့သည်။ ၎င်း၏ခြေများလည်း ခိုင်လာသည်။ ဘေးမဲ့တောတွင် ၎င်းအား ကယ်ခဲ့သူများနှင့်သာမက အခြားတိရိစ္ဆာန်များနှင့်အတူနေရင်း တဖြည်းဖြည်း စိတ်ချလက်ချ စိတ်ချမ်းသာစွာ နေခဲ့သည်။

လေးပင်သောဝန်ထုပ်ဝန်ပိုး၏ ဖိစီးမှုဒဏ်ကြောင့် နာကျင်ခံစားရမှု၊ မေ့လျော့ပစ်ပယ်ခံရမှု၊ အလျင်အမြန် ကယ်တင်ခံရရန် လိုအပ်နေမှုကို ဆာလံဆရာဒါဝိဒ် ကောင်းစွာနားလည်သည်။ ဆာလံကျမ်း ၃၈ တွင် ဒါဝိဒ်သည် ဘုရားသခင်ကို ဟစ်ခေါ်တောင်းဆိုခဲ့သည်။ သူသည် တစ်ဦးတည်းသီးခြားဖြစ်နေခြင်း၊ သစ္စာဖောက်ခံရခြင်းနှင့် ကူညီရာမဲ့ ဖြစ်နေသည် (:၁၁-၁၄)။ “အို ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ အကျွန်ုပ်၏အရှင်ဘုရားသခင်၊ ကိုယ်တော်သည် ပြန်ပြောတော်မူမည်” (:၁၅) ဟု သူယုံကြည်စွာ ဆုတောင်းခဲ့သည်။ ဒါဝိဒ်မင်းသည် သူကြုံတွေ့ရသည့် အကြပ်အတည်းများကို ငြင်းဆန်ခြင်းမရှိ၊ ရင်ထဲတွင် ဖြစ်ပေါ်နေသည့် ဆူပွက်မှုများနှင့် ခန္ဓာအားနည်းခြင်းများကို ‌လျော့ပေါ့ မပြောခဲ့ပေ (:၁၆-၂၀)။ ထိုအစား ဘုရားသခင်သည် သူ့အနီး၌ရှိပြီး သူ့အားမှန်ကန်သောအချိန်တွင် မှန်ကန်သောနည်းလမ်းဖြင့် အဖြေပေးမည်ကို ယုံကြည်နေခဲ့သည် (:၂၁-၂၂)။

ကျွန်ုပ်တို့သည် ခန္ဓာပိုင်း၊ စိတ်ပိုင်းနှင့် စိတ်ခံစားမှု စသည့်ဝန်ထုပ်များ၏ ဖိစီးမှုကို ခံစားရသည့်အခါ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖန်ဆင်းသည့်အချိန်ကပင် စီမံထားသည့် ကယ်တင်ခြင်းအမှုကို လုပ်ဆောင်ရန် ကတိရှိထားပြီးသားဖြစ်သည်။ “အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရားရှင်၊ အကျွန်ုပ်ကို မစခြင်းငှာ အလျင်အမြန် ကြွလာတော်မူပါ” (:၂၂)ဟု ကျွန်ုပ်တို့ ဟစ်ခေါ်သည့်အခါတိုင်းတွင် ကိုယ်တော်၏အတူတည်ရှိနေမှုကို ကျွန်ုပ်တို့ယုံကြည်နိုင်ပါသည်။