ကျွန်မ၏ခင်ပွန်းသည် ကျွန်မတို့သား၏ဘေ့စ်ဘောအသင်းလေးကို နည်းပြလုပ်ခဲ့စဥ်က၊ သူသည် ကစားသမားများအား နှစ်ကုန်ပါတီပွဲတစ်ခုဖြင့် ချီးမြှင့်ပြီး ပြိုင်ပွဲရာသီတစ်လျှောက် ၎င်းတို့၏တိုးတက်မှုများကို အသိအမှတ်ပြုခဲ့သည်။ အသက်အငယ်ဆုံး ကစားသမားဖြစ်သော ဒက်စတင်က ကျွန်မထံလာပြီး “သားတို့ ဒီနေ့ ကစားပွဲရှုံးတာ မဟုတ်ဘူးလား” ဟုမေးသည်။ “ဟုတ်တယ်။ ဒါပေမယ့် သားအစွမ်းကုန် ကစားခဲ့တဲ့အတွက် အန်တီတို့ ဂုဏ်ယူတယ်”ဟု ကျွန်မဖြေလိုက်သည်။ “သားသိတယ်။ ဒါပေမယ့် သားတို့ရှုံးတယ်။ ဟုတ်တယ်မလား” ဟုပြောရာ ကျွန်မခေါင်းညိတ်ပြလိုက်သည်။ “ဒါဆို သားက ဘာလို့ အောင်နိုင်သူလို ခံစားရတာလဲ” ဟု ဆက်မေးသဖြင့် ပြုံးရင်း “သားက အောင်နိုင်သူဖြစ်လို့ပေါ့” ဟုပြောလိုက်သည်။
ကစားပွဲတစ်ခုကို ရှုံးခြင်းသည် သူအကောင်းဆုံးလုပ်ဆောင်ခဲ့သည့်တိုင် အရှုံးသမားဖြစ်သည်ဟု ဒက်စတင် တွေးထင်ခဲ့သည်။ သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် ကျွန်မတို့၏တိုက်ပွဲသည် အားကစားနယ်ပယ်၌သာဟု ကန့်သတ် ထားသည် မဟုတ်ပါ။ သို့တိုင်၊ ဘဝ၏ခက်ခဲကြမ်းတမ်းသောရာသီသည် မိမိ၏ တန်ဖိုးကို ထင်ဟပ်ပြသောအရာဟု ရှုမြင်ရန် မကြာခဏ သွေးဆောင်ခံရသည်။
တမန်တော်ရှင်ပေါလုက ကျွန်မတို့၏ ပစ္စုပ္ပန်ဆင်းရဲဒုက္ခနှင့် ဘုရားသားသမီးများဖြစ်ခြင်း၏ အနာဂတ်ဘုန်းအသရေကြား ဆက်နွယ်မှုကို အတည်ပြုပြောကြား ခဲ့သည်။ ရှင်ယေရှုသည် ကျွန်မတို့အတွက် သူ့ကိုယ်ကို ပေးဆပ်ခဲ့ပြီး၊ အမြဲရင်ဆိုင်ရသည့် အပြစ်နှင့်ဆိုင်သောတိုက်ပွဲများကို ကျွန်မတို့ကိုယ်စား ဆက်လက်ရင်ဆိုင်ပေးကာ ကျွန်မတို့ကို သူ၏သဏ္ဌာန်တော်အတိုင်း ပြောင်းလဲပေးသည်(ရော ၈:၃၁-၃၂)။ ဆင်းရဲဒုက္ခနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို ကြုံတွေ့ရသော်လည်း၊ ဘုရားရှင်၏ မယိမ်းယိုင်သောမေတ္တာက ကျွန်မတို့ခံနိုင်ရည်ရှိအောင် ကူညီမစသည် (:၃၃-၃၄)။
ဘုရား၏သားသမီးများအနေနှင့် မိမိ၏တန်ဖိုးကို သတ်မှတ်နိုင်ရေး ရုန်းကန်မှုများကို အခွင့်ပေးရန် သွေးဆောင်ခံရနိုင်သည်။ သို့သော် ကျွန်မတို့၏နောက်ဆုံးအောင်ပွဲက သေချာပါသည်။ လမ်းခရီးတစ်လျှောက်တွင် ကျွန်မတို့ထိမိ၍လဲနိုင်သော်လည်း ကျွန်မတို့သည် အစဥ်အမြဲ “အထူးသဖြင့် အောင်နိုင်သူများ” (:၃၅–၃၉) ဖြစ်ကြလိမ့်မည်။