အနောက်အာဖရိက မြို့ငယ်လေးတစ်မြို့သို့ ဧည့်သည်အဖြစ်ရောက်ရှိခဲ့သည့် ကျွန်ုပ်၏အမေရိကန်သင်းအုပ်ဆရာက တနင်္ဂနွေမနက် (၁၀) နာရီ ဝတ်ပြုကိုးကွယ်ခြင်းအတွက် အချိန်မီ အရောက်သွားခဲ့သည်။ သို့သော် ဝတ်ပြုရာနေရာ၌ မည်သူမျှ မရောက်ရှိသေးပါ။ ဤသို့ဖြင့် ၁နာရီ၊ ၂နာရီ ကြာအောင် သူစောင့်ခဲ့သည်။ နောက်ဆုံး မွန်းလွဲ ၁၂နာရီခွဲခန့်တွင် ဒေသခံသင်းအုပ်ဆရာသည် အချိန်အတော်ကြာ လမ်းလျှောက်လာခဲ့ရပြီးမှ သံစုံသီချင်းကွာယာအဖွဲ့နှင့် ခင်မင်ရင်းနှီးမှုရှိသော ဒေသခံများနှင့်အတူ ရောက်လာသည်။ “နောက်ဆုံးတော့ အစီအစဉ် စခဲ့တယ်။ ဝိညာဉ်တော်က ကျွန်ုပ်တို့ကို ကြိုဆိုနေခဲ့တယ်။ ဘုရားသခင်လည်း နောက်မကျခဲ့ဘူး”ဟု ဆရာက ပြန်ပြောပြခဲ့သည်။ ဤဒေသ၏ဓလေ့က ကျွန်ုပ်တို့နှင့် မတူညီရခြင်းမှာ သူ့အကြောင်းနှင့်သူ ရှိနေသည်ဟု ဆရာနားလည်ခဲ့ရသည်။
အချိန်ကုန် မြန်ခြင်း၊ နှေးခြင်း၊ စောခြင်း၊ နောက်ကျခြင်းက မိမိကိုယ်တိုင်နှင့်သာသက်ဆိုင်သည်။ သို့သော် ဘုရားသခင်၏အချိန်မှန်ပြီး စုံလင်ခြင်းသဘောကို ကျမ်းစာတွင် အခိုင်အမာဖော်ပြထားသည်။ လာဇရုနာမကျန်းဖြစ်ကာ သေဆုံးပြီး (၄) ရက်ကြာမှ ရှင်ယေရှုရောက်လာသည်။ ထို့ကြောင့် လာဇရု၏အမ မာသက “သခင်၊ ကိုယ်တော်ရှိတော်မူလျှင်၊ ကျွန်မ၏မောင်မသေပါ” (ယော ၁၁:၂၁)ဟု ပြောလိုက်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ပြဿနာများကိုဖြေရှင်းရန် အဘယ်ကြောင့် အလျင်အမြန် မလုပ်သနည်းဟု ကျွန်ုပ်တို့လည်း မာသနည်းတူ တွေးတောမိမည်။ ထိုသို့တွေးနေမည့်အစား ဘုရားသခင်၏အဖြေနှင့် တန်ခိုးတော်ကို ယုံကြည်ပြီး စောင့်ဆိုင်းနေခြင်းက ပို၍ကောင်းပါသည်။
ဓမ္မပညာရှင် Howard Thurman (ဟောင်းဝဒ်သာမန်) ရေးခဲ့သည့်အတိုင်း “အဘ၊ ကိုယ်တော်၏အစွမ်းသတ္တိသည် ကျွန်ုပ်တို့၏ခွန်အား ဖြစ်လာသည့်တိုင်အောင်၊ ကိုယ်တော်၏နှလုံးသားသည် ကျွန်ုပ်တို့၏နှလုံးသားဖြစ်လာသည့်တိုင်အောင်၊ ကိုယ်တော်၏ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့၏ခွင့်လွှတ်ခြင်း ဖြစ်လာသည့်တိုင်အောင် ကျွန်ုပ်တို့ စောင့်မျှော်နေပါ၏။ အို ဘုရားသခင်၊ ကျွန်ုပ်တို့ စောင့်မျှော်လျက်နေပါ၏။” ထို့နောက်၊ လာဇရု၏အဖြစ်အပျက်ကဲ့သို့ ဘုရားသခင်တုံ့ပြန်သောအခါ၊ ကျွန်ုပ်တို့သည် နှောင့်နှေးခြင်းမရှိဘဲ အံ့ဖွယ်ကောင်းချီးမင်္ဂလာကို ခံစားရမည်ဖြစ်သည်။