ကဗျာဆရာ၊ ပန်းချီဆရာနှင့် ပုံနှိပ်သူလည်းဖြစ်သူ William Blake (ဝီလီယံ ဘလိတ်ခ်)သည် ဇနီးဖြစ်သူ Catherine (ကက်သရင်း)နှင့် (၄၅) နှစ်ကြာ အိမ်ထောင်ရေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည်။ မင်္ဂလာဆောင်သည့် နေ့မှစ၍ ဝီလီယံသေဆုံးသည့် ၁၈၂၇ ခုနှစ်အထိ အတူလက်တွဲကာ အလုပ်လုပ်ခဲ့ကြသည်။ ကက်သရင်းသည် ဝီလီယံ၏ ပုံကြမ်းများကို အရောင် ရေးခြယ်ပေးခဲ့သည်။ သူတို့၏ချစ်မေတ္တာဖြင့် ဆင်းရဲမှုနှင့် အခြားသောအခက်အခဲများစွာကို နှစ်ပေါင်းများစွာ ကျော်လွှားခဲ့သည်။ သူ နောက်ဆုံးအသက်ရှင်ခဲ့သည့် ရက်သတ္တပတ်များ၌ပင်လျှင် ဘလိတ်ခ်သည် ဆက်ပြီးပုံဆွဲနေခဲ့ပြီး သူနောက်ဆုံး ဆွဲခဲ့သည့်ပုံမှာ သူ၏ဇနီး၏မျက်နှာပုံဖြစ်သည်။ (၄) နှစ်အကြာတွင် ကက်သရင်းသည် သူမလက်၌ ခင်ပွန်း၏ခဲတံတစ်ချောင်းကို တင်းတင်းဆုပ်ကိုင်လျက် သေဆုံးသွားခဲ့သည်။
ဘလိတ်ခ်၏အချစ်ကြီးမှုသည် ရှောလမုန်သီချင်းထဲမှ မေတ္တာကို ထင်ဟပ်စေသည်။ ရှောလမုန်သီချင်း၏ အချစ်အကြောင်းဖော်ပြချက်သည် အိမ်ထောင်ရေးအတွက် သွယ်ဝှိုက်ပြောဆိုထားသော အချင်းအရာများဖြစ်သော်လည်း ကနဦး သခင်ယေရှုကို ယုံကြည်သူများက ထိုဖော်ပြချက်သည် ယေရှု၏နောက်တော်လိုက်များအားလုံးအတွက် သခင်၏အဆုံးမရှိသောမေတ္တာကို ညွှန်ပြနေသည်ဟု ယုံကြည်ကြသည်။ ရှောလမုန်သီချင်းတွင် ချစ်ခြင်းမေတ္တာကို “သေခြင်းနှင့်အမျှတန်ခိုးကြီးပါ၏” ဟူ၍ ဖော်ပြထားပြီး၊ သေခြင်းတရားသည် ရှောင်လွှဲ၍မရသော လက်တွေ့လူ့ဘဝ၏နိဂုံး ဖြစ်သောကြောင့် မှတ်သားဖွယ်ရာ ဥပမာအလင်္ကာတစ်ခု ဖြစ်သည် (၈:၆)။ ဤတန်ခိုးကြီးမားသော ချစ်ခြင်းမေတ္တာ၏အရှိန်သည် “မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏” (:၆)။ ကျွန်ုပ်တို့သိသည့်မီးများနှင့် မတူသည့်အချက်မှာ၊ ဤအချစ်မီးလျှံများကို ရေဖြင့် မငြိမ်းသတ်နိုင်။ “ရေများတို့သည် မေတ္တာကို မငြိမ်းသတ်နိုင်” (:၇)ဟူ၍ ဖော်ပြထားပါသည်။
စစ်မှန်သော ချစ်ခြင်းမေတ္တာကို မလိုချင်သောသူ မည်သူရှိပါသနည်း။ စစ်မှန် သောချစ်ခြင်းမေတ္တာကို တွေ့ကြုံရတိုင်း ၎င်းသည် ဘုရားသခင်ထံမှ အရင်းခံကြောင်း ရှောလမုန်သီချင်းက သတိပေးလာသည်။ သခင်ယေရှု၌ ကျွန်ုပ်တို့ တစ်ယောက်စီတိုင်းသည် နက်နဲသော၊ မသေဆုံးနိုင်သော၊ မီးလျှံကဲ့သို့ စွမ်းအားကြီး သော ချစ်ခြင်းမေတ္တာကို သိမြင်ခံစားနိုင်ပါသည်။