အွန်လိုင်း၌ စာရေးသားသူ Bonnie Gray (ဘိုနီဂရေး)သည် မကြာမီက “ကျွန်မဘဝရဲ့ အပျော်ရွှင်ရဆုံးအခိုက်အတန့်မှာ ကြောက်စိတ်ရဲ့တိုက်ခိုက်မှုနဲ့ စိတ်ဓာတ်ကျဆင်းမှုကို ဆိုင်းမဆင့် ဗုံမဆင့် စတင်ခံစားခဲ့ရတယ်”ဟု ရေးသားလျက် သူမ၏နှလုံးသားထဲသို့ ဝမ်းနည်းမှုလှိုင်းလုံး မည်ကဲ့သို့ဝင်ရောက်လာကြောင်းကို ပြန်ပြောင်းပြောပြ သည်။ သူမ၏ဝေဒနာသက်သာစေရန် နည်းလမ်းများစွာ ရှာဖွေခဲ့သော်လည်း ထိုပြဿနာကို သူမတစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းရန် မစွမ်းသာကြောင်းကို မကြာမီမှာပင် ဂရေးသဘောပေါက်ခဲ့သည်။ “ကျွန်မရဲ့ယုံကြည်ခြင်းကို သူများတွေ မေးခွန်း ထုတ်တာမျိုးကို ကျွန်မ မလိုချင်ခဲ့ဘူး။ ဒါကြောင့် ကျွန်မ တိတ်တဆိတ်နေပြီး ကျွန်မရဲ့စိတ်ကျဝေဒနာ ပျောက်ကွယ်သွားဖို့ ဆုတောင်းခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ကို အရှက်ခွဲဖို့၊ နာကျင်မှုကို ဖုံးကွယ်ထားအောင် မလုပ်ပါဘူး။ ကျွန်မတို့ကို ကုသပေးဖို့ အလိုတော်ရှိတယ်”ဟု ဘုရားသခင်မျက်မှောက်တော်၏ နှစ်သိမ့်သက်သာခြင်း၌ အနာငြိမ်းခြင်းကို ဂရေး တွေ့ရှိခဲ့သည်။ သူမအား လွှမ်းမိုးချုပ်ကိုင်ရန် ခြိမ်းခြောက်သည့် လှိုင်းလုံးများကြားတွင် ဘုရားသခင်သည် သူမ၏ကျောက်ဆူးဖြစ်ခဲ့သည်။

ကျွန်ုပ်တို့၏ဘဝအခြေအနေနိမ့်ပါးပြီး စိတ်ပျက်ခြင်းများ လွှမ်းမိုး‌နေစဥ် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိလျက် ကျွန်ုပ်တို့အား ဆက်လက်ပို့ဆောင် လျက်ရှိသည်။ ဆာလံကျမ်း ၁၈ တွင် ရန်သူများ၏တိုက်ခိုက်အောင်နိုင်မှု ခံရဆဲဆဲအချိန်ကို ကြုံတွေ့ရပြီးနောက် ကျဆင်းနိမ့်ပါးသော အခြေအနေမှ ဘုရားသခင်သူ့အား ကယ်နှုတ်ခဲ့၍ ဒါဝိဒ်က ဘုရားသခင်အား ချီးမွမ်းခဲ့သည်။ “ထာဝရဘုရားသည် အထက်အရပ်က လက်တော်ကိုဆန့်၍၊ တစ်ခဲနက်သောရေထဲက ငါ့ကိုဆယ်ယူတော်မူ၏”ဟု သူကြွေးကြော်ခဲ့သည် (:၁၆)။ သမုဒ္ဒရာ၌ ပြင်းထန်သောလှိုင်းလုံးများ ရိုက်ခတ်နေသကဲ့သို့ စိတ်ပျက်ခြင်းက ကျွန်ုပ်တို့အား ဝါးမြိုလုမတတ်ဖြစ်နေချိန်၌ ဘုရားသခင်သည် ကျွန်ုပ်တို့အား အလွန်ချစ်တော်မူသည့်အတွက် ကျွန်ုပ်တို့ထံ လက်တော်ကိုဆန့်တန်းလျက် ကူမတော်မူပြီး ငြိမ်သက်ခြင်းနှင့် လုံခြုံမှုရှိသော “ကျယ်ဝန်းရာအရပ်”သို့ ကျွန်ုပ်တို့အား ပို့ဆောင်တော်မူမည် (:၁၉)။ ဘဝစိန်ခေါ်မှုများက ကျွန်ုပ်တို့အား ဖိစီးလွှမ်းမိုးသည့်အခါ ကျွန်ုပ်တို့၏ခိုလှုံရာဖြစ်သော ဘုရားသခင်ထံတော်သို့ မျှော်ကြည့်ကြပါစို့။