ကျွန်ုပ်၏ဇနီးသည် ကာရီနှင့် ကမ်းခြေ၌ လမ်းလျှောက်နေစဥ် လှိုင်းစီးသည့်နေရာအောက်ဘက်၌ သတ္တုရှာဖွေရေးကိရိယာဖြင့် အလုပ်လုပ်နေသူ သက်ကြီးအမျိုးသားတစ်ဦးနှင့် စကားလက်ဆုံကျခဲ့သည်။ “ကျွန်တော့်ကို လက်စွပ်ဆရာလို့ လူတွေခေါ်ကြတယ်။ ဒီနှစ်ထဲ လက်စွပ် (၁၆၇) ကွင်း ရှာတွေ့ခဲ့တယ်။ တစ်ခါတလေ လက်စွပ်တွေမှာ နာမည်တွေပါတယ်။ သူတို့ရဲ့လက်စွပ်တွေကို ပြန်အပ်တဲ့အခါ ပိုင်ရှင်တွေရဲ့မျက်နှာကိုကြည့်ပြီး ပီတိဖြစ်မိတယ်။ ပျောက်ဆုံးပစ္စည်းရှာဖွေရေးကို ဆက်သွယ်လာသူရှိမလားဆိုပြီး ကျွန်တော် အွန်လိုင်းပေါ်မှာ တင်လေ့ရှိတယ်။ နှစ်များစွာ ပျောက်နေတဲ့လက်စွပ်တွေကိုလည်း ကျွန်တော်ရှာတွေ့ခဲ့တယ်” ဟု သူက ဆိုသည်။ ကျွန်ုပ်လည်း ဤအလုပ်ကို နှစ်သက်သော်လည်း မကြာခဏ မလုပ်ဖြစ်ဟု ပြောရာ “ခင်ဗျားဒါကိုမလုပ်သေးသရွေ့ ခင်ဗျားနားလည်မှာမဟုတ်ဘူး” ဟုလမ်းခွဲနှုတ်ဆက်စကားကို သူပြောခဲ့သည်။

ရှင်လုကာခရစ်ဝင် ၁၅ ၌ “ရှာဖွေကယ်ဆယ်ရေး” အခြားပုံစံ တစ်မျိုးကို တွေ့ရသည်။ သခင်ယေရှုသည် ဘုရားသခင်နှင့်ဝေးကွာနေသောသူတို့အား ဂရုစိုက်သည့် အတွက် ဝေဖန်ခံခဲ့ရသည် (:၁-၂)။ ဝေဖန်မှုကို တုံ့ပြန်သည်အနေဖြင့် ပျောက်ဆုံးရာမှ ပြန်လည်တွေ့ရှိခဲ့သည့် သိုး၊ ဒင်္ဂါးနှင့် သားအကြောင်း ပုံဥပမာသုံးခုကို သူပြောခဲ့သည်။ ပျောက်သောသိုးကို ပြန်တွေ့ခဲ့သူက “ဝမ်းမြောက်သောစိတ်နှင့် ပခုံးပေါ်မှာတင်ထမ်း၍၊ မိမိအိမ်သို့ရောက်သောအခါ အဆွေခင်ပွန်း အိမ်နီးချင်းများကိုခေါ်၍၊ ပျောက်သောသိုးကို ငါတွေ့ပြီ။ ငါနှင့်အတူ ဝမ်းမြောက်ကြလော့ဟု” ဆိုသည် (:၅-၆)။ ထိုပုံဥပမာအားလုံးမှာ ခရစ်တော်အတွက် ပျောက်ဆုံးသူများကို ရှာခြင်းနှင့် ထိုသူတို့ကို ခရစ်တော်၌ ပြန်လည်တွေ့ရှိ၍ ဝမ်းမြောက်ခြင်းအကြောင်းပင်ဖြစ်သည်။

“ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ” သခင်ယေရှုကြွလာခဲ့ပြီး (၁၉:၁၀) လူတို့အား ဘုရားသခင်အထံတော်သို့ မေတ္တာဖြင့် ပို့ဆောင်သည့်အမှု၌ သူ့နောက်တော်သို့လိုက်ရန် ခေါ်တော်မူသည် (မ ၂၈:၁၉)။ တစ်ပါးသူတို့ သခင့်ထံပြန်လာသည်ကို မြင်တွေ့ရ၍ ဝမ်းမြောက်ခြင်းက ကျွန်ုပ်တို့အား စောင့်ကြိုလျက်ရှိသည်။ ထိုအရာကို အစမပြုသေးသရွေ့ ထိုဝမ်းမြောက်ခြင်းကို ကျွန်ုပ်တို့ခံစားရမည်မဟုတ်ပါ။