ကျွန်မ၏သူငယ်ချင်း ရူအယ်လ်သည် သူ့အတန်းဖော်တစ်ဦး၏အိမ်၌ ပြုလုပ်သော အထက်တန်းကျောင်းသားဟောင်းများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံ၊ မနီလာ ပင်လယ်အော် အနီးရှိ ကမ်းနားပေါ်မှအိမ်ကြီးသည် လူဦးရေ (၂၀၀) မျှ လက်ခံနိုင်ပြီး ထိုအိမ်ကြီးကြောင့် ရူအယ်လ်အနေဖြင့် သိမ်ငယ်မှုခံစားခဲ့ရသည်။

“ဝေးလံတဲ့ဒေသတွေမှာရှိတဲ့ အသင်းတော်တွေမှာ သင်းအုပ်လုပ်ခဲ့ရတဲ့ ပျော်ရွှင်စရာအချိန်တွေ ကျွန်တော့်မှာ အများကြီးရှိခဲ့တယ်။ မဖြစ်သင့်မှန်းသိပေမယ့် ကျွန်တော့်အတန်းဖော်ရဲ့ ရုပ်ပစ္စည်းပိုင်ဆိုင်မှုအပေါ် အားကျတဲ့စိတ်ကို ထိန်းချုပ် မရနိုင်ခဲ့ဘူး။ တကယ်လို့သာ ကျွန်တော်ရထားတဲ့ဘွဲ့နဲ့ စီးပွားရေးသမားတစ်ဦးဖြစ်အောင် ကြိုးစားခဲ့မယ်ဆိုရင် ကျွန်တော့်ဘဝက ဘယ်လိုခြားနားမှုဖြစ်နေမလဲဆိုပြီး အတွေးလွင့်သွားမိပြန်တယ်”ဟု ရူအယ်လ်က ကျွန်မကိုပြောသည်။

“ဒါပေမယ့် ဘာကိုမှ လိုချင်တပ်မက်စရာမရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးခဲ့တယ်။ ဘုရားသခင်ကို အစေခံခြင်းဖြင့် ကျွန်တော့်ရဲ့ဘဝကို ရင်းနှီးမြှုပ်နှံခဲ့ပြီး ရလဒ်တွေက ထာဝရကာလအထိ တည်နေမှာဖြစ်တယ်” ဟု ရူအယ်လ်ပြုံးလျက် ဆက်ပြောသည်။ ထိုစကားများကိုပြောစဥ် ဖြစ်ပေါ်လျက်ရှိသော သူ၏ ငြိမ်းချမ်းသည့်အသွင်သဏ္ဌာန်ကို ကျွန်မ အမြဲအမှတ်ရနေမည်ဖြစ်သည်။

ရှင်မဿဲခရစ်ဝင် ၁၃:၄၄-၄၆ ပါ သခင်ယေရှု၏ပုံဥပမာများမှ ငြိမ်သက်ခြင်းကို ရူအယ်လ်ရရှိခဲ့သည်။ ဘုရားသခင်၏နိုင်ငံတော်သည် အရေးပါဆုံးသောဘဏ္ဍာ ဖြစ်ကြောင်းကို သူသိရှိခဲ့သည်။ ဘုရားသခင်၏နိုင်ငံတော်ကို ရှာပြီး ထိုနိုင်ငံတော်အတွက် အသက်ရှင်ခြင်းမှာ ပုံစံအမျိုးမျိုး ဖြစ်နိုင်သည်။ အချို့အတွက် အချိန်ပြည့် အမှုတော်ဆောင်ခြင်းဖြစ်နိုင်ပြီး၊ အချို့အတွက်မူ လောကီလုပ်ငန်းခွင်၌ ဧဝံဂေလိတရားအတိုင်း အသက်ရှင်ရပ်တည်ခြင်း ဖြစ်နိုင်သည်။ မည်သည့်ပုံစံဖြင့် ဘုရားသခင် အသုံးပြုသည်ဖြစ်စေ၊ သခင်ယေရှု၏ပုံဥပမာများ၌ပါရှိသော လူတို့ ကဲ့သို့ ကျွန်မတို့အား ပေးအပ်ထားသည့် မပျက်စီးနိုင်သောဘဏ္ဍာ၏တန်ဖိုးကို နားလည်လျက် ဘုရားရှင်လမ်းပြသည့်အတိုင်း ယုံကြည်ကိုးစား လိုက်လျှောက်နိုင်ပါသည်။ လောကအရာအားလုံးသည် ဘုရားသခင်၏နောက်တော်သို့လိုက်ခြင်းဖြင့် ရရှိလာမည့်အရာအားလုံးထက် နှိုင်းမရနိုင်အောင် တန်ဖိုးနည်းသည် (၁ ပေ ၁:၄-၅)။

ကျွန်ုပ်တို့၏အသက်တာကို သခင့်လက်တော်၌အပ်နှံလျှင် ထာဝရနှင့်ဆိုင်သောအသီး သီးနိုင်ပါသည်။