၁၉၆၀ ပြည့်နှစ်များခေတ်က ‘The Andy Griffith Show’ ဟု ခေါ်သည့် ရုပ်သံဇာတ်လမ်းတွဲ၌ အန်ဒီအနေဖြင့် သူ့သား အိုပီအား သူရှင်သန်လိုသည့် ပုံစံအတိုင်း နေထိုင်ခွင့်ပြုသင့်ကြောင်း လူတစ်ဦးက အန်ဒီအား ပြောရာ အန်ဒီ သဘောမတူပေ။ “ငယ်ရွယ်တဲ့ကလေးကို သူ့ဘာသာဆုံးဖြတ်ခွင့် မပြုသင့်ဘူး။ တောက်ပတဲ့ဖဲကြိုးတွေပါတဲ့ အပေါ်ယံဆွဲဆောင်တဲ့အရာကို သူအရင်ဖမ်းဆုပ်မှာဖြစ်ပြီး၊ အဲဒီအထဲမှာ သူ့ကိုချိတ်ဆွဲမယ့်ချိတ်ရှိနေတယ်လို့ သိလိုက်တဲ့အချိန်မှာ အတော်နောက်ကျသွားပြီ။ အတွေးအခေါ်မှားတွေဟာ တလက်လက်တောက်ပတဲ့အရာတွေနဲ့ တွဲပါလာပြီး အခြားအရာက ရေရှည်မှာ ပိုကောင်းတယ်လို့ သူတို့နားဝင်အောင်ပြောဆိုဖို့တောင် ခက်ခဲပါတယ်။ မိဘတွေအနေနဲ့ မှန်ကန်တဲ့ အပြုအမူတွေကို စံပြပုံသက်သေပြဖို့နဲ့ ‘စုံစမ်းသွေးဆောင်မှုတွေကို ကူညီဖယ်ရှားပေးဖို့’ အရေးကြီးတယ်” ဟုသူဆိုသည်။
အန်ဒီ၏စကားများသည် သုတ္တံကျမ်း၌ပါသော ဉာဏ်ပညာနှင့် ဆက်စပ်နေ သည်။ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသော အခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်” (သု ၂၂:၆)။ လူများစွာက ထိုကျမ်းချက်ကို ကတိအဖြစ် ဖတ်ရှုကြသော်လည်း အမှန်စင်စစ် ၎င်းသည် လမ်းညွှန်မှုတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့အားလုံးသည် သခင်ယေရှုကို ယုံကြည်ရန်အတွက် မိမိဘာသာဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်သော်လည်း ဘုရားသခင်နှင့် နှုတ်ကပတ်တော်ကိုချစ်ခြင်းမှတစ်ဆင့် သမ္မာကျမ်းအခြေခံအုတ်မြစ်ကို ကျွန်ုပ်တို့ကူညီချမှတ်ပေးနိုင် သည်။ ကျွန်ုပ်တို့၏ဂရုပြုစောင့်ရှောက်မှုအောက်၌ ကလေးသူငယ်များ ကြီးထွား ရင့်ကျက်လာကာ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လျက် “သဘော ကောက်သောသူသွားရာ လမ်း၌” (:၅)မဟုတ်ဘဲ ခရစ်တော်၏လမ်းခရီးတော်တို့၌ လိုက်လျှောက်နိုင်ရန် ကျွန်ုပ်တို့ ဆုတောင်းပေးနိုင်ပါသည်။
သန့်ရှင်းသောဝိညာဥ်တော်၏ မစမှုဖြင့် “အပေါ်ယံဆွဲဆောင်မှုများ”ကို ကိုယ်တိုင်အောင်နိုင်ခြင်းသည်လည်း တန်ခိုးကြီးသော သက်သေခံချက် ဖြစ်သည်။ သခင်ယေရှု၏ဝိညာဥ်တော်က ကျွန်ုပ်တို့အား စုံစမ်းနှောင့်ယှက်ခြင်းကို ဆန့်ကျင်ခံရပ်နိုင်စေပြီး ကျွန်ုပ်တို့၏အသက်တာများကို အတုယူထိုက်သည့် ပုံသက်သေများအဖြစ် ပုံသွင်းပြုပြင်ပေးသည်။