သူနာပြုတစ်ဦးအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကပ်ဘေးကို ကြံ့ကြံ့ခံကျော်နိုင်ပါ့မလားဟု မျှော်လင့်ချက်မဲ့မှုကို ပြောပြရင်း “ဒါကို ဆက်လုပ်နိုင်မယ်လို့ မထင်ဘူး”ဟု ကျွန်မသူငယ်ချင်းက မျက်ရည်ကျလျက် ဆိုသည်။ “သူနာပြုအလုပ်အတွက် ဘုရားသခင် ကိုယ့်ကိုခေါ်တာ သိပါတယ်။ ဒါပေမဲ့ ဒါကိုကျော်လွှားနိုင်ဖို့က အခြေအနေက ကြီးမားလွန်းတယ်။ ငါ့ရဲ့ခံစားချက်တွေလည်း လုံးပါးပါးနေပြီ” ဟု သူအားနည်းစွာ ဝန်ခံသည်။ နွမ်းလျမှုတိမ်စိုင်က သူ့ထံချဥ်းလာသည်ကို မြင်နေရပြီး “ခုအချိန်မှာ နင်ကူညီရာမဲ့စွာ ခံစားနေရတာ သိပါတယ်။ ဒါပေမဲ့ နင်ရှာနေတဲ့ ဦးတည်ရာကို ပြဖို့နဲ့ သည်းခံနိုင်မဲ့ခွန်အားကို ဘုရားသခင်ဆီမှာ ဆုတောင်းပါ” ဟု ကျွန်မပြောရာ၊ ဆုတောင်းလျက် ဘုရားသခင်ကိုရှာရန် သူဆုံးဖြတ်ခဲ့သည်။ မကြာမီ သူငယ်ချင်းသည် ရည်ရွယ်ချက်အသစ်ဖြင့် ပြန်လည်ရွှင်လန်းကာ ခွန်အားသစ်တိုးလာခဲ့သည်။ သူနာပြုအလုပ်ကို ဆက်လုပ်ရန် သတ္တိရှိလာသည်သာမက နိုင်ငံတစ်ဝန်းရှိ ဆေးရုံများသို့ပါ လှည့်လည်သွားကာ လူများစွာကို တိုး၍အစေခံရန် ဘုရားရှင် သူ့အား ခွန်အားပေးခဲ့သည်။

“ထာဝရဘုရားသည် … မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ” (ဟေရှာ ၄၀:၂၈)။ ထို့ကြောင့် သခင်ယေရှုကို ယုံကြည်သူများအနေဖြင့် ဝန်လေးပင်ပန်းမှုကို ခံစားရသောအခါ မစမှုနှင့်ခွန်အားအတွက် ဘုရားရှင်ထံ မျှော်ကြည့်နိုင်ပါသည်။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် “မောသောသူတို့အား ခွန်အားကိုပေးတော်မူ၏။ နွမ်းနယ်သောသူတို့အား အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူ၏” (:၂၉)။ ဘုရားသခင်၏ခွန်အားက ထာဝရတည်သည်မှန်သော်လည်း ကျွန်မတို့သည် ရုပ်ပိုင်းစိတ်ပိုင်းနွမ်းလျ အားကုန်သည့်နေ့ရက်များကို မလွဲမသွေ ရင်ဆိုင်ရမည်ကို ကိုယ်တော်သိပေသည် (:၃၀)။ ဘဝလောကဓံများကို မိမိဘာသာတစ်ဦးတည်း ရင်ဆိုင်ရန် ကြိုးစားခြင်းထက် ခွန်အားအစွမ်းအတွက် ဘုရားရှင်အား မျှော်ကြည့်သော အခါ ကျွန်မတို့ကို ကိုယ်တော်သည် အားသစ်လောင်းလျက် ယုံကြည်ခြင်းဖြင့် မမှိတ်မသုန် ဆက်လက်ရင်ဆိုင်ရန် ဆုံးဖြတ်ချက်ကို ပြန်လည်တည်စေလိမ့်မည်။