၁၉၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်က အမေရိကန်နိုင်ငံ၊ ဘော့စ်တွန်မြို့၌ ကြီးမားသောကြံသကာရည် တိုင်ကီကြီး ပေါက်ကွဲသွားရာ၊ (၁၅) ပေ အမြင့်ခန့်ရှိ ဂါလံ (၂) သန်းကျော်မျှသော ကြံသကာရည်လှိုင်းများမှာ တစ်နာရီ မိုင် (၃၀) နှုန်းဖြင့် လမ်းပေါ်ရှိ ကားရထားများ၊ အဆောက်အအုံများနှင့် လူတိရိစ္ဆာန်များကို ဆွဲချစီးဆင်းသွားသည်။ သကာရည်များက အန္တရာယ်မရှိလောက်ဟုထင်ရသော်လည်း ထိုအဖြစ်အပျက်က လူ (၂၁) ဦး၏အသက်ကို နှုတ်ယူသွားပြီး (၁၅၀) ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။
တစ်ခါတစ်ရံ ကြံသကာရည်ကဲ့သို့ ကောင်းသောကုန်ပစ္စည်းများက မမျှော်လင့်ဘဲ ကြီးမားသောပြဿနာကို ဖြစ်စေပါသည်။ ဘုရားသခင် ကတိထားတော်မူသောပြည်သို့ ဣသရေလလူတို့မဝင်ရောက်မီ လူအပေါင်းတို့အား သူတို့ရရှိမည့် ကောင်းသောအရာများအတွက် မဝါကြွားမိအောင် သတိပြုရန်၊ “သင်သည် ဝစွာစား၍ ကောင်းသောအိမ်ကို ဆောက်လျက်နေရစဥ်၊ သင်၏သိုးနွား၊ ရွှေငွေအစ ရှိသော ဥစ္စာမျိုး များပြားစဥ်အခါ၊ …သင်၏ဘုရားသခင်ထာဝရဘုရားကို မေ့လျော့”ခြင်းအပြစ်ကို သတိနှင့် ကြဥ်ရှောင်ရန် မောရှေသတိပေးပြီး၊ “သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား … စည်းစိမ်ရတတ်သောအစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏”ဟု မိန့်ကြားခဲ့သည် (တရား ၈:၁၂-၁၈)။
ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ဘဝရှင်သန်ရေး လုပ်ကိုင်စားသောက်ရန် အရည်အချင်း၊ အစွမ်းအစများ အပါအဝင် ကောင်းသောအရာမှန်သမျှသည် နှစ်သက်ဖွယ်သော ဘုရားသခင်၏လက်တော်မှ သက်ရောက်သည့် ကောင်းချီးမင်္ဂလာများဖြစ်သည်။ ကျွန်ုပ်တို့ ကြိုးစားလျက် လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်သည့်တိုင် ကျွန်ုပ်တို့ကို ထောက်ပံ့ထိန်းသိမ်းသူသည် ကိုယ်တော်ရှင်ပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ကောင်းချီးများကို လက်ဖြင့် ချီပင့်ပွေ့ပိုက်လျက် ကျွန်ုပ်တို့အပေါ် ကိုယ်တော်၏ကြင်နာမှုကရုဏာအတွက် ကျေးဇူးသိသောစိတ်ဖြင့် သူ့အားချီးမွမ်းကြပါစို့။