(၆၃နှစ်သာရှိသေးသော) သူ့ဖခင်သည် ဆေးရုံတွင် စိုးရိမ်ရသောအခြေအနေ၌ရှိနေပြီး အသက်လုနေရသည့်အကြောင်း သားဖြစ်သူ၊ အင်္ဂလန်မှ လူငယ်တစ်ဉီးထံမှ ကျွန်တော် အီးမေးလ် ရရှိခဲ့ပါသည်။ တစ်ခါမှမတွေ့ဖူးသော်လည်း သူ့ဖခင်အလုပ်နှင့် ကျွန်တော့်အလုပ်တွင် တူညီသည့် ဆုံမှတ်များစွာရှိခဲ့သည်။ ဖခင်ဖြစ်သူကို အားပေးရန် ကြိုးစားနေသည့်သားက ကျွန်တော့်ကို ခွန်အားပေးစကားနှင့် ဆုတောင်းပေးသော ဗီဒီယိုမက်ဆေ့ချ်ပေးပို့ရန် တောင်းဆိုခဲ့သည်။ စိတ်နှလုံးတို့ထိခြင်းခံရပြီး စကားတိုလေးနှင့် အနာရောဂါငြိမ်းခြင်း ဆုတောင်းချက်ကို ရိုက်ကူးကာ ကျွန်တော်ပို့လိုက်သည်။ သူ့ဖခင်သည် ဤဗီဒီယိုကိုကြည့်ပြီး သဘောကျနှစ်ခြိုက်စွာနှင့် လက်မထောင်ပြခဲ့သည်ဟု ပြောပါသည်။ ဝမ်းနည်းစရာမှာ၊ ရက်အနည်းငယ်ကြာပြီးနောက်တွင် သူကွယ်လွန်သွားကြောင်း အီးမေးလ်ထပ်မံရရှိခဲ့သည်။ သူ၏နောက်ဆုံးအချိန်တွင် ဇနီးသည်၏လက်ကို သူဆုပ်ကိုင်ထားပါသည်။

ဤကဲ့သို့ ချစ်ရသူများကို ဆုံးရှုံးရသောကြောင့် ကြေကွဲရခြင်းများအတွက် ကျွန်တော်အင်မတန်မှ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ထိုမိသားစုသည် ခင်ပွန်းသည် နှင့်ဖခင်ကို ဆုံးရှုံးလိုက်ရသည်မှာ စောလွန်းလှသည်။ သို့သော် ဝမ်းနည်းပူဆွေးသူတို့သည် မင်္ဂလာရှိကြောင်း “စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏” ဟုသခင်ယေရှု၏မိန့်ဆိုချက်က (မ ၅:၄) အံ့ဩစရာဖြစ်သည်။ ဆင်းရဲဒုက္ခနှင့် ဝမ်းနည်းခြင်းသည် ကောင်း၏ဟု သခင်ယေရှုပြောနေခြင်းမဟုတ်ဘဲ၊ လိုအပ်သောသူများအပေါ်၌ ဘုရားသခင်၏ ကရုဏာတော်နှင့်မေတ္တာတော်တို့ သွန်းလောင်းလျက်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ သေခြင်းတရား (သို့) မိမိ၏ အပြစ်ကြောင့် ဝမ်းနည်းပူဆွေးမှု၏ လွှမ်းမိုးမှုခံရသူများသည် ဘုရားသခင်၏ အထူးဂရုပြုမှုနှင့် နှစ်သိမ့်မှုခြင်းတို့ကို အလိုအပ်ဆုံးဖြစ်ပြီး၊ “ထိုသူတို့သည် သက်သာခြင်းသို့ ရောက်ကြလတံ့” (:၄)ဟု ကိုယ်တော် ကတိတော်ပေးထားပါသည်။

ဘုရားသခင်သည် သူချစ်ရသောသားသမီးများထံသို့ (:၉) ချဥ်းကပ်ကြွလှမ်းလျက် မျက်ရည်ကျနေသော ကျွန်ုပ်တို့အား ကောင်းချီးပေးနေပါသည်။