ချီးမွမ်းခြင်းအဖွဲ့မှ ‘I Can Only Imagine’ (စိတ်ကူးကြည့်နိုင်ရုံမျှသာ) သီချင်းကို စတင်တီးခတ်သီဆိုနေချိန်တွင် အမျိုးသမီးတစ်ဦး၏အနောက် ခုံတန်းရှည်တွင် ကျွန်မဝင်ထိုင်လိုက်သည်။ ကျွန်မလက်ကိုမြှောက်ပြီး ဘုရားသခင်ကို ချီးမွမ်းစဥ် ရှေ့မှအမျိုးသမီး၏ချိုမြိန်သော ဆိုပရာနိုအသံနှင့် ကျွန်မအသံကလည်း လိုက်ဖက်ညီခဲ့သည်။ သူမ၏ ကျန်းမာရေးနှင့် ရုန်းကန်ရမှုများအကြောင်း ပြောပြပြီးနောက် ‌နောက်တစ်ကြိမ် ကင်ဆာကုသမှုခံယူရန်အတွက် အတူဆုတောင်းခဲ့ကြသည်။

လအနည်းငယ်ကြာပြီးနောက် လူးဝစ်က သူမသေရမှာကို ကြောက်ကြောင်း ပြောပြပါသည်။ သူက ဆေးရုံကုတင်ပေါ်တွင် လှဲနေရင်း သူ့ဦးခေါင်းအနီး၌ ကျွန်မကပ်မှီကာ တိုးတိုးလေးဆုတောင်းပြီး၊ ကျွန်မတို့ဆိုနေကျသီချင်းကို တိတ်တိတ်လေး သီဆိုခဲ့ကြသည်။ ရက်အနည်းငယ်အကြာတွင် ယေရှုအား မျက်နှာချင်းဆိုင် ကိုးကွယ်နေမည့် လူးဝစ်ကို ကျွန်မစိတ်ကူးကြည့်နိုင်ရုံမျှသာ တတ်နိုင်သည်။

တမန်တော်ရှင်ပေါလုသည် သေခြင်းတရားနှင့်ရင်ဆိုင်နေရသော သူ၏စာဖတ်သူများအား နှစ်သိမ့်မှုဖြစ်စေသည့် စိတ်ချမှုတစ်ခုပေးထားသည် (၂ ကော ၅:၁)။ ထာဝရကာလ၏ဤတစ်ဘက်ခြမ်း လောကမြေအိမ်၌ရှိစဥ် တွေ့ကြုံရသော ဆင်းရဲဒုက္ခသည် ညည်းတွားခြင်းကို ဖြစ်စေသော်လည်း ကျွန်ုပ်တို့၏မျှော်လင့်ချက်သည်ရှင်ယေရှုနှင့်အတူ ထာဝရနေရခြင်းတည်းဟူသော ကောင်းကင်ဘုံ၌ တည်နေပါ သည် (:၂-၄)။ သူနှင့်အတူ ထာဝရနေရရန် ‌တောင့်တငံ့လင့်စိတ်ကို ကျွန်ုပ်တို့အား ဘုရားသခင်ပေးထားသော်လည်း (:၅-၆)၊ ကိုယ်တော်၏ကတိတော်များသည် ယခုကျွန်ုပ်တို့ သူ့အတွက် အသက်ရှင်နေထိုင်ပုံ၌ သက်ရောက်မှုရှိရပါမည် (:၇-၁၀)။

သခင်ယေရှုပြန်ကြွလာခြင်း သို့မဟုတ် ကျွန်ုပ်တို့ကို အိမ်တော်သို့ခေါ်တော်မူခြင်းကို စောင့်ဆိုင်းနေချိန်တွင် သခင့်စိတ်တော်နှင့်တွေ့သော အသက်တာဖြင့် အသက်ရှင်သောအခါ ကျွန်ုပ်တို့နှင့် သခင်အစဥ်တည်ရှိခြင်းကြောင့် ငြိမ်သက် ဝမ်းမြောက်ခြင်းကို ခံစားရနိုင်ပါသည်။ ယာယီတဲခန္ဓာကိုစွန့်၍ သခင်ယေရှုနှင့် ထာဝရပေါင်းစည်းသည့် အခိုက်အတန့်တွင် ကျွန်ုပ်တို့ မည်သည်ကို တွေ့ကြုံခံစားရမည်နည်း။ ကျွန်ုပ်တို့ စိတ်ကူးကြည့်ရုံသာ တတ်နိုင်ပါသည်။