ရှုခင်းပုံကို ဆီဆေးဖြင့်ရေးဆွဲရာတွင် ရောင်ပြန်အလင်း၏အလှကို သရုပ်ဖော်ရာ၌ ပန်းချီဆရာ Armand Cabrera (အာမန်းဒ်ကာဘရီရာ)သည် “ရောင်ပြန်အလင်းဟာ မူလအလင်းလောက် ဘယ်တော့မှ အရောင်မတောက်ဘူး” ဟူသည့် အနုပညာနိယာမကို ကိုင်စွဲသည်။ တက်သစ်စပန်းချီဆရာများက ရောင်ပြန်အလင်းကို ပိုလှအောင် အလင်းပိုထည့်တတ်ကြခြင်းကို သူသတိပြုမိသည်။ “ရောင်ပြန်အလင်းက အရိပ်နဲ့ဆိုင်တယ်။ ဒါကြောင့် ပန်းချီကားမှာ လင်းရမယ့်နေရာကို ယှဥ်ပြီးအပြိုင်မဆွဲဘဲ အရိပ်ကို ပံ့ပိုးရမှာ” ဟု သူက ပြောသည်။

“လူတို့၏အလင်း” (ယော ၁:၄) ဖြစ်သော သခင်ယေရှုနှင့်စပ်လျဥ်း၍ ထိုအမြင်နှင့် သဘောချင်းတူသည့် ဆင်ခြင်ရန်ထိုးထွင်းအမြင်ကို ကျွန်ုပ်တို့ ကြားရလေ့ရှိသည်။ “ထိုသူ(ယေရှု)ကို လူအပေါင်းတို့သည် အမှီပြု၍ ယုံကြည်ခြင်းသို့ရောက်မည့်အကြောင်း” ဗတ္တိဇံဆရာယောဟန်သည် “အလင်းတော်အကြောင်းကို သက်သေခံခြင်းငှာ လာ၏” (:၇)။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းရေးသူက “ထိုသူ(ယောဟန်)သည် အလင်းတော်မဟုတ်၊ အလင်းတော်၏အကြောင်းကို သက်သေခံခြင်းငှာသာ လာ၏” (:၈)ဟု ဆိုပါသည်။

မယုံကြည်သော လောကလောင်းရိပ်၌ ရှိနေသူများအား ခရစ်တော်၏ အလင်းတော်ကို ရောင်ပြန်ထင်ဟပ်ပြရန် ဗတ္တိဇံဆရာယောဟန်နည်းတူ ကျွန်ုပ်တို့ကို ဘုရားသခင် ရွေးချယ်ခေါ်တော်မူ၏။ “မယုံကြည်သူများသည် အလင်းတော်၏ တောက်ပထွန်းလင်းသော ဘုန်းအသရေတော်ကို တိုက်ရိုက်မခံယူနိုင်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်” ဟု တစ်စုံတစ်ဦးဆိုသကဲ့သို့ ၎င်းသည် ကျွန်ုပ်တို့ ထမ်းဆောင်ရမည့်အခန်းကဏ္ဍပင် ဖြစ်သည်။

ကာဘရီရာက သူ့ပန်းချီကျောင်းသားများအား “မြင်ကွင်းတစ်ခုမှာ တစ်စုံတစ်ခုပေါ်ကို အလင်းတိုက်ရိုက်ကျနေရင် အဲဒါက အလင်းအရင်းအမြစ်ပဲ” ဟု သင်ကြားခဲ့သည်။ ထိုနည်းတူ “ဟုတ်မှန်သောအလင်း၊ … ခပ်သိမ်းသော လူအပေါင်းတို့အား အလင်းကို ပေးသောသူ” (:၉) သခင်ယေရှုအတွက် ကျွန်ုပ်တို့ သည် သက်သေအဖြစ် ထွန်းလင်းရပေမည်။ ကိုယ်တော်ကို ကျွန်ုပ်တို့ ရောင်ပြန်ထင်ဟပ်သောအခါ ကျွန်ုပ်တို့မှတစ်ဆင့်ထွန်းလင်းသော ကိုယ်တော်၏ဘုန်းတော်ကို လောကသားတို့ တွေ့ပြီး အံ့ဩချီးမွမ်းကြပါစေ။