စာရေးခြင်းအတတ်ပညာဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် ကျွန်မသည် ဦးဆောင်ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး၊ ထိုစဥ်က ကျောဘက်၌ လက်ရေးဖြင့် ဆုတောင်းချက်ရေးထားသည့် ပို့စကတ်တစ်ခုကို ကျွန်မအား တမ်မီ ပေးခဲ့သည်။ သူသည် ဦးဆောင်သူများ၏ကိုယ်ရေးရာဇဝင်ကို ဖတ်ပြီး အထူးဆုတောင်းချက်များ ချရေးကာ ဆုတောင်းပေးကြောင်း ပို့စကတ်ကို ပေးရင်း ရှင်းပြသည်။ ကျွန်မထံ တမ်မီသပ်သပ်ပို့ပေးသည့် မက်ဆေ့ဂျ်အသေးစိတ်ကို အံ့ဩလျက်၊ တမ်မီ၏ လုပ်ရပ်အားဖြင့် ကျွန်မကို ခွန်အားပေးသည့် ဘုရားသခင်ကို ကျေးဇူးတင်မိသည်။ သူမအတွက်လည်း အပြန်အလှန်ဆုတောင်းပေးခဲ့သည်။ ဆွေးနွေးပွဲအတွင်း နာကျင်ကိုက်ခဲလျက် ပင်ပန်းသောအခါ ပို့စကတ်လေးကိုထုတ်ပြီး တမ်မီ၏စာတိုလေးကိုဖတ်ရာ၊ ဘုရားရှင်က ကျွန်မ၏စိတ်ဝိညာဥ်ကို ပြန်လည်ရွှင်လန်းစေသည်။
တမန်တော်ပေါလုက တစ်ပါးသူအတွက် ဆုတောင်းခြင်းသည် အသက်နှင့်ဆိုင်သောအကျိုးသက်ရောက်မှုကို ဖြစ်စေကြောင်း သိမှတ်ခဲ့သည်။ ယုံကြည်သူများအား “မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့် … ဆိုင်ပြိုင် တိုက်လှန်”ရန် အသင့်ပြင်ဆင်ထားရန် တိုက်တွန်းခဲ့သည် (ဧ ၆:၁၂)။ အချင်းချင်းအတွက် ကြားဝင် ဆုတောင်းပေးခြင်းက လိုအပ်ကြောင်း အလေးထားပြောကြားရင်းမှ အဆက်မပြတ် တိတိကျကျ ဆုတောင်းရန် အားပေးခဲ့သည်။ “ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့်ချည်နှောင်ခြင်းကိုခံလျက် သံတမန်အမှုကို ပြုရသည်ဖြစ်၍ ထိုတရား၏ နက်နဲသောအရာကို ဖော်ပြခြင်းငှာ ငါသည် နှုတ်ကိုရဲရင့်စွာ ဖွင့်လှစ်ခြင်းအခွင့်ရှိမည်အကြောင်း … ရဲရင့်စွာ ဟောပြောမည်အကြောင်း … ငါ့အဖို့လည်း ဆုတောင်းကြလော့” (:၁၉-၂၀ ) ဟု သူ့ကိုယ်စား ရဲရင့်စွာ ဆုတောင်းပေးရန်လည်း တောင်းဆိုသည်။
အချင်းချင်းအတွက် ဆုတောင်းသောအခါ သန့်ရှင်းသောဝိညာဥ်တော်သည် ကျွန်မတို့ကို နှစ်သိမ့်လျက် ကျွန်မတို့၏ဆုံးဖြတ်ချက်ကို ခိုင်မာစေပါသည်။ တိတ်ဆိတ် သောဆုတောင်း၊ ဖွင့်ဟပြောသည့်ဆုတောင်း၊ စာရွက်၌ ရေးချသောဆုတောင်း ဆုတောင်းချက်တိုင်းကို ဘုရားရှင်ကြားတော်မူပြီး၊ စုံလင်သောအလိုတော်နှင့်အညီ အဖြေပေးတော်မူကြောင်း အာမခံလျက် ဝိညာဥ်တော်ကို ကျွန်မတို့လိုအပ်ကြောင်း၊ အချင်းချင်းကို လိုအပ်ကြောင်း ဝိညာဥ်တော်က အတည်ပြုပေးသည်။