ခရစ်တော်ကိုယုံကြည်သူ ဂီတပညာရှင်တစ်ဦးက “ယေရှုခရစ်တော်အကြောင်းပြောဆိုခြင်းကို ရပ်တန့်ရန်” တိုက်တွန်းခံခဲ့ရကြောင်း လူတွေ့မေးမြန်းခန်းတစ်ခုတွင် ပြောခဲ့သည်။ အဘယ့်ကြောင့်နည်း။ သူလုပ်သမျှအရာအားလုံးသည် ခရစ်တော်အတွက်သာ၊ ခရစ်တော်ကြောင့်သာဟု ပြောဆိုမှုကို ရပ်တန့်လိုက်ပါက သူ၏တေးဂီတအဖွဲ့သည် ပိုမိုကျော်ကြားလာနိုင်ပြီး ဆင်းရဲသားများအတွက် ရန်ပုံငွေများစွာ မြှင့်တင်နိုင်မည်ဟု အကြံပြုကြသည်။ သူဆင်ခြင်စဥ်းစားပြီးနောက် “ကျွန်တော့်ရဲ့ ဂီတဘဝတစ်ခုလုံးရဲ့ အဓိကအချက်က သခင်ခရစ်တော်၌ ကျွန်တော်ရဲ့ ယုံကြည်ခြင်းကို အခြားသူတွေနဲ့ မျှဝေဖို့ဖြစ်တယ်။ တိတ်တဆိတ်နေစရာ ဘာအကြောင်းမှ မရှိဘူး” ဟု သူဆုံးဖြတ်ချက်ချခဲ့ပြီး “ကျွန်တော့်အတွက် ‘တောက်လောင်နေတဲ့ ဘုရားပေးတာဝန်’ က သခင်ယေရှုရဲ့ သတင်းကောင်းကို ဝေမျှဖို့ပဲ” ဟုပြောခဲ့သည်။
ခြိမ်းခြောက်နေသောအခြေအနေများထဲ၌ တမန်တော်များသည် အလားတူ အပြောခံခဲ့ရသည်။ သူတို့သည် အကျဥ်းချခံရပြီး၊ ကောင်းကင်တမန်တစ်ပါးက သူတို့ကို အံ့ဩဖွယ် ကယ်တင်လျက်၊ ခရစ်တော်၌ရှိသော သူတို့၏အသက်တာသစ် ကို အခြားသူများအား ဆက်လက်ဝေမျှရန် မိန့်မှာခဲ့သည် (တ ၅:၁၉-၂၀)။ သူတို့ လွတ်မြောက်လာပြီးနောက် ကယ်တင်ခြင်းသတင်းကောင်းကို ဆက်လက် ဟောပြောနေကြောင်း ဘာသာရေးခေါင်းဆောင်များသိသောအခါ “ထို(သခင်ယေရှု၏)နာမကိုအမှီပြု၍ မဆုံးမ မသွန်မည်အကြောင်း ငါတို့သည် သင်တို့အားကြပ်တည်းစွာ စီရင်မှာထားသည်မဟုတ်လော” (:၂၈)ဟု တမန်တော်များအား ပြောခဲ့သည်။
တမန်တော်တို့က “လူ၏စကားထက် ဘုရားသခင်၏စကားတော်ကို နားထောင်သင့်ပါ၏” (:၂၉)ဟု တုံ့ပြန်ခဲ့၍၊ ရလဒ်အနေဖြင့် တမန်တော်များ ကြာပွတ်နှင့် ပြင်းစွာရိုက်နှက်ခံရပြီး ယေရှု၏နာမကိုအမှီပြု၍ မဟောပြောရန် ဘာသာရေးခေါင်းဆောင်များက တားမြစ်ကြသည် (:၄၀)။ သခင်ယေရှု၏နာမတော်ကြောင့် ဒုက္ခခံထိုက်သောကြောင့် တမန်တော်တို့သည် ဝမ်းမြောက်လျက် “နေ့တိုင်းအစဥ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏” (:၄၂)။ သူတို့၏ပုံသက်သေကို ကျွန်ုပ်တို့လိုက်လျှောက်ရန် ဘုရားသခင် ကျွန်ုပ်တို့အား ကူမပါစေသား။