အိမ်မှကောလိပ်သို့ အသွားအပြန် ကားမောင်းပြီးကျောင်းတက်ခဲ့စဥ်က ကန္တာရထဲရှိ ကျွန်တော့်အိမ်သို့ သွားသောလမ်းသည် အလွန်တရာငြီးငွေ့ဖွယ်ဖြစ်သည်။ လမ်းက ဖြောင့်ပြီး ရှည်လျားသဖြင့် ကျွန်တော်သည် တစ်ကြိမ်မက မောင်းသင့်သည့်မိုင်နှုန်းထက် ပိုမြန်အောင် မောင်းနှင်ခဲ့ဖူးသည်။ ပထမတွင် အမြန်လမ်း လှည့်ကင်းက သတိပေးသည်။ ထို့နောက် ဒဏ်ငွေဆောင်ရန် ဖြတ်ပိုင်းတစ်စောင်ရခဲ့သည်။ ထို့နောက် ထိုတစ်နေရာတည်းမှာပင် ဒုတိယအကြိမ် ထပ်မံသတိပေးခံရပြီး ယာဥ်ထိန်းရုံးသို့ အခေါ်ခံခဲ့ရသည်။

နားထောင်ရန် ငြင်းဆန်ခြင်းသည် အကျိုးယုတ်စေသောရလဒ်များကို ဖြစ်ပေါ်စေသည်။ သစ္စာရှိသည့်ဘုရင် ယောရှိ၏အသက်တာက ဝမ်းနည်းဖွယ် ဥပမာတစ်ခုဖြစ်သည်။ အဲဂုတ္တုဘုရင် နေခေါသည် ဗာဗုလုန်နှင့်စစ်ဖြစ်နေသည့် အာရှုရိပြည်ကိုကူညီရန် ယုဒပြည်ကို ဖြတ်၍ ချီတက်လာသောအခါ၊ ယောရှိသည် ရင်ဆိုင်ရန် ထွက်သွားသည်။ နေခေါသည် ယောရှိထံ သံတမန်တို့ကို စေလွှတ်၍၊ “ငါ့ဘက်၌ရှိသော ဘုရားသခင်ကို ဆန့်ကျင်ဘက်မပြုဘဲနေလော့” ဟု မိန့်ခဲ့သည် (၆ ရာ ၃၅:၂၁)။ နေခေါကို ဘုရားသခင်အမှန်စေလွှတ်ခဲ့သည်။ သို့သော် ယောရှိသည် “နေခေါ ဆင့်ဆိုသော ဘုရားသခင်၏အမိန့်တော်ကို နားမထောင်”ဘဲ မေဂိဒ္ဒေါချိုင့်၌ စစ်တိုက်ခြင်းငှာ သွားသည် (:၂၂)။ တိုက်ပွဲတွင် ယောရှိသည် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီးနောက် သေဆုံးသွားသောကြောင့် “ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ယောရှိမင်း အနိစ္စရောက်သောကြောင့် ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။” (:၂၄)။

ဘုရားစကားကို မခံယူဘဲ မိမိစိတ်အလိုအတိုင်းသာပြုရန် စိတ်ခိုင်မာခြင်း၊ အခြားသူများထံမှတစ်ဆင့်လာသည့် ဘုရားရှင်၏ဉာဏ်ပညာကို မခံယူမရှာဖွေခြင်းက ဘယ်သောအခါမှ အဆုံးသတ်လှမည်မဟုတ်ကြောင်း ဘုရားသခင်ကိုချစ်သော ယောရှိမင်းသိခဲ့ရသည်။ မိမိကိုယ်ကို အစဥ်စစ်ဆေးရန်နှင့် ဘုရားသခင်၏ဉာဏ်ပညာကို နှလုံးသွင်းနိုင်ရန် လိုအပ်သောနှိမ့်ချမှုကို ဘုရားသခင်သည် ကျွန်ုပ်တို့အား ပေးသနားတော်မူပါစေ။