၎င်းကို “စိမ်းလန်းစိုပြေလာခြင်း” အံ့ဖွယ်ဟု ကျွန်ုပ် ခေါ်သည်။ ၎င်းသည် နွေဦးပေါက်တိုင်း ဖြစ်လာသည်မှာ (၁၅) နှစ်ကျော်ကြာခဲ့ပြီ။ ဆောင်းရာသီကုန်ပြီးနောက် ကျွန်ုပ်တို့ ခြံထဲရှိ မြက်များမှာ မှိန်ပြီး ညိုနေသဖြင့် ပုံမှန် လမ်းသွားလမ်းလာတစ်ဦးဦးက ထိုမြက်များသေသွားပြီဟု ယုံနိုင်သည်။ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ် တောင်ပေါ်တွင် နှင်းများကျနေသော်လည်း “The Front Range” (အရှေ့ဝန်းကျင်) လွင်ပြင်ပိုင်းတွင် ရာသီဥတုမှာ ခြောက်သွေ့ပြီး ပို၍ပူနွေးသောလအများစုတွင် မိုးခေါင်မှုသတိပေးချက်များဖြင့် ပြည့်နှက်နေသည်။ နှစ်စဉ်နှစ်တိုင်း မေလကုန်ပိုင်းလောက်တွင် မြက်ခင်းပြင်ပေါ်သို့ ရေအမြောက်အမြား မဟုတ်ဘဲ ရေအနည်းငယ်မျှကို ညီတူညီမျှ ကျွန်ုပ်ပက်ဖြန်းပေးခဲ့သည်။ နှစ်ပတ်ခန့် အကြာတွင်၊ ခြောက်သွေ့ပြီး အညိုရောင်ရှိသည့်အရာက စိမ်းလန်းစိုပြည်သန်စွမ်းသောအရာအဖြစ်သို့ ပြောင်းလဲထွက်ပေါ်လာသည်။
အားပေးမှုက မည်မျှအရေးကြီးကြောင်း စိမ်းလန်းသောမြက်ပင်က ကျွန်ုပ်အား သတိပေးလာသည်။ ထိုသို့ အားပေးမှုမရှိပါက၊ ကျွန်ုပ်တို့ဘဝနှင့် ယုံကြည်ခြင်းသည် အသက်မဲ့သကဲ့သို့ ဖြစ်နေနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့၏နှလုံးသား၊ စိတ်နှင့် ဝိညာဉ်များအပေါ် တစ်သမတ်တည်း အားပေးမှု၏သက်ရောက်မှုက အံ့သြစရာဖြစ်သည်။ သက်သာလောနိတ်မြို့သားများထံရေးသည့် ရှင်ပေါလု၏ ပထမစာတွင် ဤအမှန်တရားကို အလေးပေးဖော်ပြထားသည်။ လူတို့သည် ကြောက်ရွံ့မှု၊ စိုးရိမ်မှုနှင့် ရုန်းကန်နေရရာ သူတို့၏ယုံကြည်ခြင်းကို အထောက်အပံ့ပြုအားပေးရန် လိုအပ်ကြောင်း ရှင်ပေါလုသိမြင်ခဲ့သည်။ အချင်းချင်းကိုတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ခြင်းဟူသည့် ကောင်းသောအမှုကို ဆက်လက်လုပ်ဆောင်ကြရန် သူတိုက်တွန်းခဲ့သည် (၁ သက် ၅:၁၁)။ ထိုသို့သောအားပေးမှု မရှိပါက သူတို့၏ယုံကြည်ခြင်း ညှိုးနွမ်းသွားနိုင်သည်ကို သူသိသည်။ သက်သာလောနိတ်ယုံကြည်သူများက သူ့အတွက် တွန်းအားဖြစ်ခဲ့ပြီး တည်ဆောက်ပေးခဲ့သည့် အလားတူဖြစ်ရပ်ကို ရှင်ပေါလုကိုယ်တွေ့ခံစားခဲ့ရသည်။ သင်နှင့်ကျွန်ုပ်တွင် အချင်းချင်းကို ပွင့်လန်းကြီးထွားစေရန်၊ ကူညီရန်၊ အားပေးရန် တူညီသောအခွင့်အရေး ရှိပါသည်။