(၅) နှစ်အရွယ် Bella (ဘယ်လာ)သည် အမေရိကန်နိုင်ငံ၊ ဒါကိုတာပြည်နယ်မြောက်ပိုင်း၌ ကင်ဆာရောဂါကြောင့် ဆေးရုံတက်နေရစဥ် ဆေးကုသမှု တစ်စိတ်တစ်ဒေသအဖြစ် ဂီတကုထုံးဖြင့် ကုသမှုခံယူခဲ့သည်။ လူများစွာတို့သည် တိတိကျကျနားမလည်သော်လည်း စိတ်ခံစားချက်အပေါ်၌ ဂီတ၏အင်အားကြီးမားသော အကျိုးသက်ရောက်မှုကို ကြုံတွေ့ခံစားခဲ့ကြရသည်။ သို့သော် မကြာမီကပင် သုတေသီများက တေးဂီတ၏ လက်တွေ့အကျိုးသက်ရောက်မှုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ဘယ်လာကဲ့သို့ ကင်ဆာဝေဒနာသည်များ၊ (အကြောအားနည်း၍ ခြေလက်တုန်သည့်) ပါကင်ဆန်ရောဂါ၊ မှတ်ဉာဏ်အားနည်း၍ သတိမေ့ခြင်းနှင့် စိတ်ဒဏ်ရာရသူများအား ယခုအချိန်တွင် ဂီတကုထုံးကို အသုံးပြုလျက် ကုသပေးနေပါသည်။
ရှောလုမင်းသည် ဆိုးသောဝိညာဥ်၏နှောင့်ယှက်ညှဥ်းဆဲမှုကို ခံရသည့်အခါ ဂီတကုထုံးကို ရှာဖွေခဲ့သည်။ ရှောလုထံခစားသော ကျွန်တို့သည် သူ၌ငြိမ်သက်ခြင်း ကင်းမဲ့နေသည်ကိုတွေ့ပြီး “ငြိမ်သက်ချမ်းသာ” ရစေရန် မျှော်လင့်ချက်ဖြင့် သူ့အားစောင်းတီးပေးမည့်သူကို ရှာဖွေရန် အကြံပြုခဲ့သည် (၁ ရာ ၁၆:၁၆)။ ယေရှဲ၏ သား ဒါဝိဒ်ကို ခေါ်သွင်းလျက် ဒါဝိဒ်သည် သူ့စိတ်နှင့်တွေ့သောကြောင့် “သူ့ထံ၌ ဆက်လက်ခစားရန်” တောင်းဆိုခဲ့သည် (:၂၂)။ ရှောလုသည် စိတ်မငြိမ်မသက်ခံစားနေရချိန်တွင် ဒါဝိဒ်သည် စောင်းကိုယူ၍တီးခြင်းဖြင့် သက်သာရာရခဲ့သည်။
ကျွန်ုပ်တို့အပေါ်၌ ဂီတ၏အကျိုးသက်ရောက်မှုကို ရှေးကပင် ဘုရားသခင် သိရှိထားပြီး ကျွန်ုပ်တို့အနေဖြင့် ယခုမှ သိပ္ပံနည်းကျ စတင်တွေ့ရှိခြင်းဖြစ်နိုင်သည်။ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာနှင့် တေးဂီတကို ဖန်ဆင်းသူအနေဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့နေထိုင်အသက်ရှင်သည့် ခေတ်ကာလ (သို့) ဆရာဝန်ဆီသွားရန် မည်မျှပင် လွယ်ကူသည့် ခေတ်ကာလဖြစ်ပါစေ ကျွန်ုပ်တို့၏ကျန်းမာရေးအတွက် လူတိုင်း လက်လှမ်းမီသော ဆေးညွှန်းကို ပံ့ပိုးပေးခဲ့သည်။ တေးဂီတနားထောင်ရန် မည့်ကဲ့သို့ပင် အခြေအနေမပေးပါစေ ကျွန်ုပ်တို့၏ဝမ်းမြောက်မှုနှင့် ရုန်းကန်လှုပ်ရှားရမှုများအလယ်၌ ကိုယ်ပိုင်တေးဂီတကို ဖန်တီးလျက် ဘုရားသခင်အား ချီးမွမ်းသီဆိုနိုင်သည် (ဆာ ၅၉:၁၆၊ တ ၁၆:၂၅)။