ပညာရှင် Kenneth E. Bailey (ကဲနက်အီးဘေလီ)က နိုင်ငံတကာအသိုင်းအဝိုင်း၌ သာမန်မဟုတ်သော ရပ်တည်မှုအနေအထားတစ်ရပ်ကို ထိန်းသိမ်းနိုင်ရန် သင်ယူခဲ့သည့် အာဖရိကနိုင်ငံတစ်နိုင်ငံ၏ အကြီးအကဲတစ်ဦးအကြောင်းကို ပြောပြသည်။ သူသည် အစ္စရေးနိုင်ငံအပါအဝင် ပတ်ဝန်းကျင်နိုင်ငံများနှင့်ပါ ကောင်းမွန်သည့်ဆက်ဆံရေးကို တည်ဆောက်ခဲ့သည်။ ထိုကဲ့သို့ အကဲဆတ်သော အနေအထားကို သူ့နိုင်ငံအနေဖြင့် မည်ကဲ့သို့ ထိန်းသိမ်းနိုင်ခဲ့သနည်းဟု တစ်စုံတစ်ဦးက သူ့အားမေးမြန်းသည့်အခါ “ကျွန်ုပ်တို့ရဲ့မိတ်ဆွေတွေကို ကျွန်ုပ်တို့ ရွေးချယ်ပါတယ်။ ကိုယ့်မိတ်ဆွေတွေကို (ကျွန်ုပ်တို့အတွက်) ကျွန်ုပ်တို့ရဲ့ရန်သူတွေကို ရွေးချယ်ဖို့ ကျွန်ုပ်တို့ အားမပေးခဲ့ပါဘူး”ဟု သူက ပြန်လည်ဖြေဆိုခဲ့သည်။
ထိုအချက်သည် ဉာဏ်ပညာနှင့်ပြည့်ဝကာ အမှန်လက်တွေ့ကျသည်။ နိုင်ငံ တကာအဆင့်၌ ထိုအာဖရိကနိုင်ငံ စံပြုကျင့်သုံးသည့်အရာသည် ရှင်ပေါလုက သူ၏စာဖတ်သူများအား ပုဂ္ဂိုလ်ရေးရာအဆင့်၌ ပြုမူကျင့်သုံးရန် တိုက်တွန်းအားပေးထားသည့်အရာဖြစ်သည်။ ခရစ်တော်အားဖြင့် ပြောင်းလဲသော အသက်တာ၏ စရိုက်လက္ခဏာများကို ရှည်လျားစွာဖော်ပြသည့် စာတွင် “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့” (ရော ၁၂:၁၈) ဟု သူရေးသားခဲ့သည်။ ရန်သူများအပေါ် ကျွန်ုပ်တို့၏ဆက်ဆံမှုသည် (:၂၀-၂၁) ဘုရားသခင်နှင့်သူ၏အဆုံးစွန် ဂရုပြုစောင့်ရှောက်မှုအပေါ်၌ ကျွန်ုပ်တို့၏ယုံကြည်ကိုးစားမှုကိုထင်ဟပ်လျက်ရှိကြောင်း သတိပေးခြင်းဖြင့် တစ်ပါးသူများအပေါ်ကျွန်ုပ်တို့၏ဆက်ဆံရေးသည် အရေးကြီးကြောင်း သူအလေးပေး ဖော်ပြခဲ့သည်။
လူအပေါင်းတို့နှင့် အသင့်အတင့်နေရန်မှာ အမြဲတမ်းမဖြစ်နိုင်ပေ (ရှင်ပေါလုကလည်း “တတ်နိုင်သမျှအတိုင်း” ဟု ပြောထားသည်)။ သို့သော် သခင်ယေရှုကိုယုံကြည်သူတို့အနေဖြင့် ကျွန်ုပ်တို့၏တာဝန်မှာ ကျွန်ုတို့၏အသက်ရှင်သန်မှုကို သခင်၏ဉာဏ်ပညာတော်အားဖြင့် လမ်းပြခွင့်ပေးရန်ဖြစ်ပြီး (ယာ ၃:၁၇-၁၈)၊ ထိုသို့ အားဖြင့် ရန်ငြိမ်းစေတတ်သူများအဖြစ် (မ ၅:၉) ကျွန်ုပ်တို့ဝန်းကျင်ရှိသူများကို ကျွန်ုပ်တို့ ထိတွေ့ဆက်ဆံနိုင်မည်ဖြစ်သည်။ ငြိမ်သက်ခြင်းအရှင်အား ဘုန်းထင်ရှားစေရန် အခြားမည်သည့် ပိုကောင်းသောနည်းလမ်း ရှိနိုင်သနည်း။