လက်ဆွဲနှုတ်ဆက်ခြင်းက အဓိပ္ပာယ်များစွာကို ပုံဆောင်သည်။ ၁၉၆၃ ခုနှစ်၊ မတ်လ ၏ညတစ်ညတွင် လူဖြူနှင့် လူမည်း ကောလိပ်ဘတ်စကက်ဘောသမားနှစ်ဦးသည် လူမျိုးရေးခွဲခြားဆက်ဆံသူတို့၏ အမုန်းတရားကို လက်မခံဘဲ လက်ဆွဲနှုတ်ဆက်ကာ အမေရိကန်နိုင်ငံ၊ မစ္စစ္စပီပြည်နယ်သမိုင်းတွင် ပထမဆုံးအနေဖြင့် လူဖြူဘတ်စကက်ဘောအသင်းနှင့် လူဖြူလူမည်းရောနှောထားသည့် အသင်းတို့ ကစားခဲ့သည့်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အမျိုးသားအဆင့် ပြိုင်ပွဲတစ်ခုတွင်ပါဝင်သည့် “အပြောင်းအလဲအတွက် ကစားပွဲ”တွင် မစ္စစ္စပီပြည်နယ်အသင်းသည် ချီကာဂိုမြို့ Loyola (လွိုင်ယိုလာ) တက္ကသိုလ်အသင်းနှင့် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး၊ လွိုင်ယိုလာအသင်း သူတို့ပြည်နယ်မှ ထွက်ခွာသွားအောင် တည်ကြက်ကစားသမားများကို သုံးကာ သူတို့အား တားဆီးရန် တရားဝင်အမိန့်ထုတ်ပြန်ချက်ကို မစ္စစ္စပီပြည်နယ်အသင်းမှ ရှောင်ရှားခဲ့သည်။ လွိုင်ယိုလာအသင်းမှ လူမည်းကစားသမားများသည် လူမျိုးရေးခွဲခြားပြောဆိုစွပ်စွဲမှုများကို ကစားပွဲရာသီတစ်လျှောက်လုံး ခံစားခဲ့ရပြီး ပေါက်ပေါက်၊ ရေခဲတုံးများဖြင့် ပစ်ပေါက်ခံခဲ့ကြရကာ ခရီးသွားစဥ်အတွင်း၌လည်း ကြိုဆိုမှု မခံခဲ့ရကြပေ။

မည်သို့ပင်ဖြစ်စေ ထိုလူငယ်များ ပါဝင်ယှဥ်ပြိုင်ခဲ့သည်။ Loyola Ramblers အသင်းသည် Mississippi State Bulldogs အသင်းကို ၆၁-၅၁ မှတ်ဖြင့် အနိုင်ရခဲ့ပြီး ၎င်းတို့သည် နောက်ဆုံး၌ NCCA အမျိုးသားချန်ပီယံဆုကို ရရှိခဲ့သည်။ သို့ရာတွင် ထိုည၌ အောင်နိုင်မှုအစစ်အမှန်မှာ “သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့” (လု ၆:၂၇) ဟု သခင်ယေရှုသင်ကြားခဲ့သည့်အတိုင်း အမုန်းတရားမှ ချစ်ခြင်းမေတ္တာဆီသို့ ကူးပြောင်းခဲ့ခြင်းပင်ဖြစ်သည်။

ဘုရားသခင်၏ညွှန်ကြားချက်မှာ အသက်တာကိုပြောင်းလဲစေသော သဘော တရားဖြစ်သည်။ ခရစ်တော်သင်ကြားခဲ့သကဲ့သို့ ကျွန်ုပ်တို့၏ရန်သူကို ချစ်နိုင်ရန်မှာ ပြောင်းလဲမှုပြုရန် သခင်၏လုံးလုံးလျားလျားပြောင်းလဲပစ်သော မိန့်မှာချက်ကို နာခံရန်ဖြစ်သည်။ ရှင်ပေါလု ရေးသားထားသကဲ့သို့ “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ” (၂ ကော ၅:၁၇)။ သို့သော် သခင်၏ နည်းလမ်းအသစ်က ကျွန်ုပ်တို့အထဲရှိ ဟောင်းသောအရာကို မည်ကဲ့သို့အောင်မြင်နိုင်မည်နည်း။ ချစ်ခြင်းမေတ္တာဖြင့်သာ အောင်နိုင်မည်ဖြစ်ပြီး၊ ထိုအခါ တစ်ဦးချင်းစီ၏ အသက်တာ၌ ခရစ်တော်ကို အပြန်အလှန် မြင်တွေ့နိုင်ပါမည်။