သက်ရှိလူသားတစ်ဦး၏ ပထမဆုံးသောဓာတ်ပုံကို ၁၈၃၈ ခုနှစ်တွင် Louis Daguerre (လူးဝစ်ဒါဂါ)က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထိုဓာတ်ပုံမှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၏ နေ့လည်ခင်းအချိန်၌ လှုပ်ရှားသွားလာမှု ကင်းမဲ့လျက်ရှိသော လမ်းမတစ်ခု၌ လူတစ်ဦး၏ပုံပင်ဖြစ်သည်။ သို့သော် ဆန်းကြယ်မှုတစ်ခုမှာ လမ်းမနှင့် လျှောက်လမ်းများသည် နေ့ခင်းအချိန်၌ ရထားလုံး၊ လမ်းဖြတ်ကူးသူများနှင့် လှုပ်ရှားသက်ဝင်နေရမည်ဖြစ်သော်လည်း ထိုအရာတစ်ခုကိုမှ မတွေ့ရှိရပေ။
ထိုသူတစ်ဦးတည်းရှိနေခြင်း မဟုတ်ပါ။ ထိုဓာတ်ပုံရိုက်ကူးခဲ့သည့် နာမည်ကျော်နေရာ Boulevard du Temple လမ်းမကျယ်ကြီးပေါ်၌ လူများနှင့်မြင်းများ ရှိနေခဲ့ပြီး ထိုဓာတ်ပုံထဲတွင် ပါမလာခဲ့ခြင်းသာဖြစ်သည်။ ရုပ်ပုံတစ်ခုကို ရိုက်ကူးရန်အတွက် (Daguerreotype ဟု လူသိများသည့်) ဓာတ်ပုံရရှိရန် ကင်မရာက အလင်းဖမ်းယူမှုကြာချိန်သည် ခုနစ်မိနစ်ရှိခဲ့ပြီး ထိုခေတ်၌ ရုပ်ပုံမှာလည်း လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်နေရန် လိုအပ်သည်။ လျှောက်လမ်း၌ ရှိနေသည့် ထိုပုဂ္ဂိုလ် ဓာတ်ပုံထဲတွင်ပါလာခြင်းမှာ ဓာတ်ပုံရိုက်ကူးချိန်၌ သူတစ်ဦးတည်းသာ ငြိမ်သက်စွာ ရပ်လျက်သူ့ရှူးဖိနပ် တောက်ပြောင်သွားအောင် အတိုက်ခံနေခြင်းကြောင့်ဖြစ်သည်။
တစ်ခါတစ်ရံ၌ ငြိမ်သက်စွာရှိနေခြင်းက လှုပ်ရှားမှုနှင့်အားထုတ်ကြိုးပမ်းမှုများအားဖြင့် မရရှိနိုင်သည့်အရာကို ရရှိနိုင်သည်။ ဆာလံကျမ်း ၄၆:၁ဝ ၌ ဘုရားသခင်သည် သူ၏လူမျိုးတော်အား “ငြိမ်ဝပ်လျက်နေကြလော့။ ငါကား ဘုရားသခင်ဖြစ်သည်ဟု သိမှတ်ကြလော့” ဟု ပြောကြားထားသည်။ လူမျိုးတို့သည် “ဟုန်းဟုန်းမြည်ကြ”ပြီး (:၆) “ပထဝီမြေကြီး” ရွေ့သွားသော်လည်း (:၂) ဘုရားသခင်အား ငြိမ်ဝပ်စွာ ယုံကြည်ကိုးစားသူတို့သည် ဘေးရောက်သည့်ကာလ၌ ကူမတော်မူခြင်းကို ရှာဖွေတွေ့ရှိ ခံစားကြရမည်ဖြစ်သည် (:၁)။
“ငြိမ်ဝပ်လျက်နေကြလော့” ဟု အဓိပ္ပာယ်ပြန်ဆိုသည့် ဟေဗြဲကြိယာကို “ရုန်းကန်လှုပ်ရှားမှု ရပ်တန့်ပါ” ဟူ၍လည်း ဘာသာပြန်ဆိုနိုင်ပါသည်။ အကန့်အသတ်ရှိသည့် မိမိတို့၏အားထုတ်ကြိုးပမ်းမှုများအပေါ် မှီခိုအားထားမည့်အစား ဘုရားသခင်၌ ခိုနားသည့်အခါ ဘုရားသခင်ကို ကျွန်ုပ်တို့၏ မဖြိုဖျက်နိုင်သော “ခိုလှုံရာ နှင့် အစွမ်းခွန်အား” အဖြစ် (:၁) တွေ့ရှိလာမည်ဖြစ်သည်။