၁၈၀၀ ပြည့်နှစ်များနှောင်းပိုင်းတွင် မတူညီသောဒေသများမှလူတို့သည် ဆင်တူသော ဝိညာဥ်ရေးအထောက်အကူပြု စာစဥ်များကို တစ်ပြိုင်တည်း စတင်ထုတ်ဝေခဲ့ကြသည်။ ပထမဆုံး ၁၈၇၇ ခုနှစ်၌ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့မှ စတင်ပေါ်ထွက်ခဲ့ပြီး၊ ၁၈၉၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကြီး၌ ၎င်းကဲ့သို့ စာစဥ်နောက်တစ်ခုပေါ်လာသည်။ ၁၉၂၂ ခုနှစ်ရောက်သောအခါ မြောက်အမေရိကတိုက် ၌ ဤသို့သောစာစဥ် ၅,၀၀၀ ခန့်သည် နွေရာသီတိုင်း၌ ထွက်ပေါ်ခဲ့ပြီဖြစ်သည်။
ဤသို့ဖြင့် အားလပ်ရက်ကျမ်းစာသင်တန်းများ၏ ကနဉီးသမိုင်း စတင်ခဲ့သည်။ လူငယ်လူရွယ်များ သမ္မာကျမ်းစာကို သိကျွမ်းစေလိုသောဆန္ဒက ကျမ်းစာလေ့လာခြင်းစာစဥ်ကို စတင်ဖန်တီးခဲ့သူများ၏ပြင်းပြစိတ်ကို မီးထိုးပေးခဲ့သည်။
သူ၏တပည့်ရင်းတိမောသေအတွက် အလားတူ ဆန္ဒပြင်းပြမှုမျိုး ရှင်ပေါလု၌ရှိခဲ့ပြီး “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူ”၍ “ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှာ ပြင်ဆင်”ပေးသည်ဟု ရေးသားခဲ့သည် (၂ တိ ၃:၁၆-၁၇)။ သို့သော် ၎င်းသည် “ကျမ်းစာကို ဖတ်သင့်တယ်” ဟု ညင်သာစွာဆိုရုံမျှ မဟုတ်ပါ။ “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်”၍ (:၁)၊ “သမ္မာတရားကိုလေ့ကျက်ခြင်းသို့ အလျှင်းမရောက်နိုင်”သည့် (:၇) လှည့်ဖြားသောဆရာများရှိမည်ဟု စိုးရိမ်ဖွယ် သတိပေးချက်နှင့်အတူ ရှင်ပေါလုက ဆိုဆုံးမခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင် “ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလို့ငှာ ပညာကိုပေးနိုင်သော” (:၁၅) သမ္မာကျမ်းစာနှင့် မိမိကိုယ်ကိုမိမိကာကွယ်ရန် အရေးကြီးလှသည်။
သမ္မာကျမ်းစာလေ့လာခြင်းသည် ကလေးများအတွက်သာမကဘဲ လူကြီးများ အတွက်လည်းဖြစ်သည်။ ထို့အပြင် နွေရာသီ၌သာမဟုတ်ဘဲ နေ့တိုင်းလေ့လာရန် ဖြစ်သည်။ ရှင်ပေါလုက တိမောသေအား “ဓမ္မကျမ်းစာကို ငယ်ရွယ်သောအချိန်မှစ၍ လေ့ကျက်သည်” (:၁၅ )ဟု ရေးသားခဲ့သော်လည်း မည်သည့်အချိန်မှ စတင်လေ့လာရန် နောက်ကျခြင်း မရှိပါ။ ကျွန်တော်တို့ မည်သည့်အသက်အရွယ်ပင်ဖြစ်နေပါစေ သမ္မာကျမ်းစာ၏ပညာသည် ကျွန်ုပ်တို့အား သခင်ယေရှုနှင့် ဆက်သွယ်ပေးနိုင်ပါသည်။ ထိုပညာသည် ကျွန်တော်တို့အားလုံးအတွက် ဘုရားသခင်၏ ကျမ်းစာသင်တန်း ဖြစ်ပါသည်။