“ကမ္ဘာပေါ်ရှိ နောက်ဆုံးကျန်ရှိသောလူသည် အခန်းထဲတွင် တစ်ဦးတည်း ထိုင်နေသည်။ ထိုစဉ် တံခါးခေါက်သံ တစ်ချက်ပေါ်ထွက်လာသည်” ဟု ဖရက်ဒရစ် ဘရောင်း (Fredric Brown)၏ သည်းထိတ်ရင်ဖိုဝတ္တုတို ‘Knock’ (တံခါးခေါက်သံ) တွင် ရေးသားခဲ့သည်။ အလိုလေး။ မည်သူဖြစ်နိုင်သနည်း။ မည်သည်ကိုလိုချင်သနည်း။ မည်သည့် လျှို့ဝှက်ဆန်းကြယ်သောအရာသည် ထိုသူ့ထံသို့လာပါသနည်း။ ထိုသူသည် အထီးကျန်မနေပါ။

ကျွန်ုပ်တို့သည်လည်း အထီးကျန်မနေပါ။

လောဒိကိမြို့၌ရှိသော အသင်းတော်ကိုလည်း တံခါးခေါက်သူရှိခဲ့သည် (ဗျာ ၃:၂၀)။ ထိုအသင်းတော်သို့ မည်သည့်သဘာဝလွန်ပုဂ္ဂိုလ် လာပါသနည်း။ ထိုသူသည် “အဉီးဆုံးသောသူ၊ နောက်ဆုံးသောသူ” ဖြစ်သည့် (၁:၁၇-၁၈) သခင်ယေရှု ဖြစ်ပါသည်။ သခင်ယေရှု၏မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၍ မျက်နှာတော်သည်လည်း “အရှိန်တန်ခိုးနှင့် ထွန်းတောက်သောနေကဲ့သို့” (:၁၆) ဖြစ်သည်။ သခင်ယေရှု၏မိတ်ဆွေရင်း ရှင်ယောဟန်သည် သခင်ယေရှု၏အရှိန်တန်ခိုးကို တွေ့လိုက်ရသည့်အခိုက် သူသည် “သေမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏” (:၁၇)။ ခရစ်တော်၌ယုံကြည်ခြင်းသည် ဘုရားသခင်အားကြောက်ရွံ့ခြင်းနှင့် စတင်ပါသည်။

ကျွန်ုပ်တို့သည် အထီးကျန်မနေခြင်းသည် ကျွန်ုပ်တို့အား စိတ်သက်သာရာရစေပါသည်။ သခင်ယေရှုသည် “ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်၍၊ တန်ခိုးနှင့်ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော်မူသောသူ” (ဟေဗြဲ ၁:၃) ဖြစ်သည်။ သို့သော် သခင်ယေရှုသည် ကျွန်ုပ်တို့ကို နှိမ်နှင်းရန် မဟုတ်ဘဲ၊ ကျွန်ုပ်တို့အား ချစ်ရန် တန်ခိုးတော်ကို အသုံးပြုသည်။ သခင့်ဖိတ်ခေါ်သံကို နားထောင်ကြည့်ပါ။ “အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်” (ဗျာ ၃:၂၀)။ တံခါးတွင် မည်သူရှိနေသနည်းဟု ကြောက်ရွံ့မှုမှ ကျွန်ုပ်တို့၏ယုံကြည်ခြင်းစတင်ကာ လှိုက်လှဲ၍ခိုင်ခံ့သော လွှမ်းခြုံပွေ့ဖက်မှုနှင့် အဆုံးသတ်ပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ခဲ့သူ ဖြစ်လျှင်သော်မှ သခင်ယေရှုသည် ကျွန်ုပ်တို့နှင့်အတူ အမြဲရှိနေရန် ကတိတော်ပေးထားသည်။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ကျွန်တော်တို့သည် အထီးကျန်မနေပါ။